စစ်ကောင်စီတပ် ၄ ဦး မိုင်းဆွဲခံရ

ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးမှာ ထောင်မိုင်းပေါက်ကွဲမှုဖြစ်ပြီး စစ်ကောင်စီတပ် အရာရှိတစ်ဦးအပါအဝင် တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖားကန့်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။
ဇူလိုင် ၂၆ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ ခွန်ဆာကုန်းစစ်တပ်ကုန်းက တစ်ပွင့်ဗိုလ်အရာရှိတစ်ဦးနဲ့ တပ်သား ၃ ဦး လိုက်ပါလာတဲ့ ကားတစ်စီး ထောင်မိုင်း ၃ လုံးနဲ့ ဖောက်ခွဲခံခဲ့ရတာဖြစ်တယ်လို့ ခွန်ဆာကုန်းကျေးရွာခံ အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။
“ကားပေါ်မှာ တစ်ပွင့်ဗိုလ်နဲ့ တပ်သား ၃ ယောက် ပါလာတာပါ။ မိုင်းခွဲခံရလို့ ဗိုလ်နဲ့ တပ်သားနှစ်ယောက် ထိသွားတယ်။ တစ်ယောက်ကတော့ မထိဘူး။ ကားကတော့ တော်တော်ပျက်စီးသွားတယ်” လို့ သူက ပြောပါတယ်။
မိုင်းပေါက်ကွဲမှု ဖြစ်ခဲ့တဲ့နေရာဟာ ခွန်ဆာကုန်းကားကြီးကွင်းအကျော် ဘုန်းကြီးကျောင်းအနီးမှာ ဖြစ်ပြီး ဘယ်လက်နက်ကိုင်အဖွဲ့ လုပ်ခဲ့လဲဆိုတာကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒေသတွင်းသတင်းရင်းမြစ်တွေ ပြောဆိုချက်အရ မိုင်းဖောက်ခွဲခံရတဲ့ကားထဲမှာ တစ်ပွင့်လဗိုလ်အရာရှိအပါ တပ်သား ၃ ဦးပါဝင်ပြီး သူတို့က ခွန်ဆာကုန်းတပ်စခန်းက တပ်သားတွေဖြစ်တယ်လို့ပြောပါတယ်။
ဒါပေမယ့် တစ်ဖက်မှာတော့ မိုင်းဖောက်ခွဲခံရတဲ့ကားဟာ ခရီးသည်တင်ကား ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်နေပါတယ်။
ဒီဖြစ်စဉ်ကိုသိရှိတဲ့ နောက်ထပ် ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက “ဟုတ်တယ် ဘုန်းကြီးကျောင်းအကျော်နားမှာဖြစ်သွားတာ မိုင်းဖောက်တာက ဘယ်သူ့လက်ချက်မှန်းတော့ သေချာမသိရဘူး။ ဒါပေမယ့် အဲ့ဒီကားပေါ်မှာ ပါလာတဲ့သူတွေက ခွန်ဆာကုန်းတပ်က ဟုတ်တယ်လို့ပြောကြတယ်“လို့ ပြောပါတယ်။
ဖားကန့်ဒေသမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေပြီး လမ်းပိုင်းတွေမှာ မိုင်းပေါက်ကွဲမှုနဲ့ တိုက်ခိုက်မှုဖြစ်စဉ်တွေ မကြာခန ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)




