ပြည်သူ့ဆေးရုံကြီးနဲ့ ကျောင်းတွေမှာ ဆိုင်ကယ်ခိုးမှုများလာ

မြစ်ကြီးနားမြို့တွင်းရှိ ပြည်သူ့ဆေးရုံကြီးနဲ့ အခြေခံပညာအထက်တန်းကျောင်းတချို့မှာ ဆိုင်ကယ်ခိုးယူခံရတဲ့ ဖြစ်စဉ်တွေ များလာနေတယ်လို့ ပြည်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ နေ့လယ်ပိုင်းမှာ မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း (အထက ၃ ) ကျောင်းမှာ ကျောင်းသူတစ်ဦးရဲ့ 125 Canda အမျိုးအစား ဆိုင်ကယ်တစ်စီးကို ကျောင်းသား၊ ကျောင်းသူတွေရဲ့ ယာဉ်ရပ်နားရာနေရာကနေ ခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။

အလားတူ ဇူလိုင် ၂၂ ရက်နေ့ကလည်း အထက ၅ ကျောင်းအတွင်းမှာ ဆိုင်ကယ်တစ်စီး ခိုးယူခံခဲ့ရတယ်လို့ ကျောင်းသားမိဘတစ်ဦးက KNG ကို ပြောပါတယ်။

ကျောင်းထဲမှာဆိုတော့ လုံခြုံတယ်လို့ ယုံကြည်ပြီး ထားကြတာပါ။ ဒါပေမယ့် အခုလို ကျောင်းဝင်းထဲကနေတောင် ပျောက်တာတွေရှိလာတော့ ကလေးတွေနဲ့ မိဘတွေ စိုးရိမ်လာကြပါတယ်လို့  ပြောပါတယ်။

စာသင်ကျောင်းတွေအပြင် နောက်ထပ်မြစ်ကြီးနားပြည်သူ့ဆေးရုံဝင်းအတွင်းမှာလည်း လူနာနဲ့ လူနာစောင့်တွေ ရပ်ထားတဲ့ ဆိုင်ကယ်တွေ ပျောက်ဆုံးတာ၊ ခိုးယူခံရတာတွေ မကြာခဏ ဖြစ်နေတယ်လို့ ဆေးရုံဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဆေးရုံက လူဝင်လူထွက်များတဲ့နေရာဆိုတော့ အခွင့်ကောင်းယူပြီး ခိုးကြတာ။ အပ်မယ့်နေရာရှိတယ် မအပ်ကြတာလည်းပါတယ် ခနနပျောက်တယ် လို့ ပြောပါတယ်။

ခုလို ဆိုင်ကယ်ပျောက်တာတွေခပ်စိပ်စိပ်ဖြစ်နေတဲ့အတွက်  လုံခြုံရေးရေး ပိုမိုတင်းကြပ်ပေးဖို့နဲ့ ဝင်ထွက်သွားလာမှုတွေကို သေချာစောင့်ကြည့်ပေးဖို့ ပြည်သူတွေ တောင်းဆိုနေကြပါတယ်။

မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်ခိုးခံရတဲ့ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေပေမယ့် ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူနိုင်ဖို့ အားနည်းနေဆဲဖြစ်တယ်လို့ ပြည်သူတွေက ထောက်ပြနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်း ပြင်းထန်လာတာတိုက်ပွဲ၊ စစ်ရေးတင်းမာမှုတွေကြောင့် ကျေးလက်ဒေသက ပြည်သူတွေဟာ မြစ်ကြီးနားမြို့ထဲရွှေ့ပြောင်းနေထိုင်သူတွေများလာနေပါတယ်။

ခုလို မြို့တွင်း လူဦးရေတိုးလာတာကိုအခွင့်ကောင်းယူပြီး ခိုးဆိုးလုယက်သူတွေဟာ အုပ်စုဖွဲ့ပြီး ခိုးယူနေကြတာဖြစ်တယ်လို့ မြို့ခံတွေပြောပါတယ်။

ဒါကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ခိုးယူမှုနဲ့ လုံခြုံရေးပြဿနာတွေဟာ တစ်နေ့တစ်ခြားပိုပိုဆိုးလာနေတယ်လို့လည်း ပြည်သူတွေပြောပါတယ်။

By – Zami

Show More

Leave a Reply

Back to top button