အမေရိကန်မှာ ကချင်ကျောင်းသား ၂ ဦး ဖမ်းဆီးခံရ
အမေရိကန်ပြည်ထောင်စုမှာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေ စိုးမိုးရေးအဖွဲ့ (ICE) က ကချင်ကျောင်းသား ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အမေရိကန်ရောက် မြန်မာအသိုင်းအဝိုင်းထံက သိရပါတယ်။
ဇူလိုင်လအတွင်းမှာပဲ ကချင်ကျောင်းသားတစ်ဦးနဲ့ ကျောင်းသူတစ်ဦး စုစုပေါင်း ၂ ဦး ဖမ်းဆီးခံခဲ့ရပြီး နှစ်ဦးစလုံးဟာ ဇူလိုင်လ တတိယအပတ်အတွင်း အပြည်ပြည်ဆိုင်ရာလေဆိပ်တွေမှာ ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ကျောင်းသားတစ်ဦးကို တက္ကဆက်ပြည်နယ်ရှိ Dallas Fort Worth အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး ကျောင်းသူတစ်ဦးကိုတော့ ဖလော်ရီဒါပြည်နယ်ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခုမှာ ဖမ်းဆီးခဲ့တယ်လို့ အမေရိကန်ရောက် ကချင်အမျိုးသားတစ်ဦးက ပြောပါတယ်။
“၂၀၂၁ အာဏာသိမ်းပြီးနောက် အမေရိကန်ကို လာရောက်ပညာသင်ယူရင်း နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားနေတဲ့ ကျောင်းသားတွေကို ပစ်မှတ်ထားလာတာလို့ မြင်ပါတယ်။ ထရမ့်အစိုးရက ရွှေ့ပြောင်းနေထိုင်သူတွေကို ပြန်လည်ပို့ဆောင်ရေးတွေ လုပ်ဆောင်နေပြီး အခုက မြန်မာနိုင်ငံသားတွေအပေါ်လည်း သက်ရောက်လာတာလို့ ထင်ပါတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံထားရသူနှစ်ဦးဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် (Asylum) လျှောက်ထားပြီး ဆုံးဖြတ်ချက်စောင့်ဆိုင်းနေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် အခုလို ဖမ်းဆီးခံရတာဟာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားထားခြင်းကြောင့် မဟုတ်ဘဲ အမေရိကန်အစိုးရရဲ့ ရွှေ့ပြောင်းနေထိုင်သူများအပေါ် လူဝင်မှုကြီးကြပ်ရေး မူဝါဒတင်းကျပ်လာမှုနဲ့ ဆက်စပ်နေတယ်လို့ အမေရိကန်ရောက် ကချင်အမျိုးသားတစ်ဦးက ပြောပါတယ်။
“ရွှေ့ပြောင်းနေထိုင်သူတွေကို ပြန်လည်ပို့ဆောင်ဖို့ အစိုးရဘက်က လုပ်ဆောင်နေတဲ့ စီမံချက်တွေနဲ့ သက်ဆိုင်ပါတယ်။ ဒီကာလအတွင်း လေဆိပ်တွေမှာ ICE အဖွဲ့ရဲ့ ဖမ်းဆီးမှုတွေ ပိုမိုတွေ့လာရပါတယ်” လို့ ဆိုပါတယ်။
လက်ရှိရရှိထားတဲ့ အချက်အလက်အရ တက္ကဆက်ပြည်နယ်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားအတွက် မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေက ညှိနှိုင်းဆောင်ရွက်ပေးနေပြီး မကြာခင် ပြန်လည်လွတ်မြောက်လာနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သူကဆက်ပြောပါတယ်။
ဖလော်ရီဒါပြည်နယ်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသူအတွက်တော့ လွတ်မြောက်လာနိုင်ရေး ဆက်လက်ကြိုးပမ်းနေဆဲဖြစ်တယ်လို့ အကူအညီပေးနေသူတွေထံက သိရပါတယ်။
အမေရိကန်အစိုးရက လူဝင်မှုကြီးကြပ်ရေးမူဝါဒမှာ ပြောင်းလဲမှုတချို့ ပြုလုပ်လိုက်ပါတယ်။
အရင်ကတော့ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူတွေဟာ အမေရိကန် နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာန (USCIS) မှာ လျှောက်ထားပြီး၊ အင်တာဗျူးလုပ်ကာ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရတာ ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၂၆ ခုနှစ် ဇူလိုင် ၂၈ ရက်မှာ USCIS က ထုတ်ပြန်တဲ့ စည်းမျဉ်းသစ်အရ လျှောက်ထားသူအချို့ကို အင်တာဗျူးမပြီးမီ လူဝင်မှုကြီးကြပ်ရေးတရားရုံးဆီ တိုက်ရိုက်လွှဲပို့နိုင်မှာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရဘက်ကတော့ ဒီပြောင်းလဲမှုဟာ asylum အမှုတွေကို ပိုမိုမြန်ဆန်စွာ စီမံနိုင်ဖို့နဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်ကို ပိုမိုထိရောက်စေဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
ဒါပေမယ့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူတွေအတွက်တော့ တရားရုံးလုပ်ငန်းစဉ်ထဲ ဝင်ရောက်ရနိုင်တာကြောင့် အချိန်ပိုကြာလာနိုင်သလို၊ ဥပဒေရေးရာအကူအညီ လိုအပ်လာနိုင်တဲ့ အခက်အခဲတွေ ကြုံတွေ့လာနိုင်တယ်လို့ အမေရိကန်ရောက်မြန်မာတွေက ပြောဆိုနေကြတာလည်းဖြစ်ပါတယ်။
By – Hope




