ဘုန်းကြီးကျောင်းပေါက်ကွဲမှုဖြစ် အရပ်သားတစ်ဦးသေ၊သံဃာတစ်ပါးပျံလွန်တော်မူ
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာမှာ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်နေတဲ့အတွင်း အရပ်သားတစ်ဦး သေဆုံးခဲ့သလို သံဃာတစ်ပါးလည်း ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတွေက KNG ကို ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ ဘုန်းကြီးကျောင်းဝင်းထဲမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့တာကြောင့် အရပ်သားတစ်ဦး နေရာမှာတင် သေဆုံးခဲ့ပြီး သံဃာတစ်ပါးလည်း ဒဏ်ရာရခဲ့ပါတယ်။ အဲဒီသံဃာကို ရွှေကူမြို့ကို ပို့ဆောင်ကုသခဲ့ပေမယ့် ဆေးကုသနေချိန်မှာ ပျံလွန်တော်မူခဲ့တယ်လို့ ဆိုပါတယ်။
“တစ်နေ့က အရပ်သားတစ်ယောက် ပွဲချင်းပြီး သေတယ်။ ဦးဇင်းတစ်ပါးကတော့ ရွှေကူရောက်မှ ပျံလွန်တော်မူသွားတယ်။ ရွှေဘုန်းမြင့်ဘက်မှာ အခု သုံးရက်လောက် တိုက်ပွဲဖြစ်နေတယ်။ ဒီနေ့တော့ နည်းနည်းငြိမ်နေတယ်“ လို့ ရွှေကူဒေသခံတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဟာ ဘုန်းကြီးကျောင်းဝင်းအတွင်း ဖြစ်ခဲ့တာဖြစ်ပြီး ဒေသခံတွေနဲ့ ဖြစ်စဉ်ကို သိရှိသူတွေကတော့ ဒရုန်းကျရောက်ပေါက်ကွဲတာလို့ ပြောဆိုနေကြပါတယ်။
ဒါပေမယ့် ဘယ်အဖွဲ့အစည်းက ပစ်ခတ်တဲ့ဒရုန်းဖြစ်တယ်ဆိုတာနဲ့ သေဆုံး၊ ဒဏ်ရာရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို KNG အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရွှေဘုန်းမြင့်ကျေးရွာဟာ မန္တလေး–ဗန်းမော် ဗျူဟာလမ်းမပေါ်မှာရှိပြီး အထက်လမ်းဆုံနဲ့ အောက်လမ်းဆုံ နှစ်ဖက်စလုံးမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲဒီစခန်းနှစ်ခုကြားက ရွှေဘုန်းမြင့်ကျေးရွာထဲမှာ နှစ်ဖက်တပ်တွေကြား သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
“အထက်လမ်းဆုံမှာလည်း စစ်တပ်ထိုင်ထားတယ်။ အောက်လမ်းဆုံမှာလည်း စစ်တပ်ထိုင်ထားတယ်။ အလယ်က ရွှေဘုန်းမြင့်ရွာမှာတော့ တိုက်ပွဲဖြစ်နေတာ သုံးရက်လောက်ရှိပြီ“ လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ရွှေကူမြို့နယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူအသုံးပြုကာ ရှေ့တိုးဖို့ ကြိုးပမ်းနေတယ်လို့ KNG က ဆက်သွယ်မေးမြန်းထားတဲ့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်း သတင်းဖော်ပြချက်တချို့မှာတော့ ဩဂုတ် ၃ ရက်နေ့ ညနေပိုင်းက KIA ပူးပေါင်းတပ်တွေက ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပေမယ့် KNG အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
By – အမိုး




