ဖားကန့်မှာ ရေဘေးထပ်ကြုံရတဲ့အခြေအနေဘယ်ရှိရှိနေသလဲ။
ဖားကန့်မြို့နယ်မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် ဥရုချောင်းနဘေးရှိ ကျေးရွာအများစုမှာ ရေဝင်ရောက်နစ်မြှုပ်ပြီး ပြည်သူတွေ ရေဘေးအန္တရာယ်ကို ဆက်လက်ကြုံတွေ့နေရပါတယ်။
ဩဂုတ် ၄ ရက်ကစတင်ပြီး ဖားပြင်နဲ့ မမုံကျေးရွာတွေမှာ ဥရုချောင်းရေ ဝင်ရောက်ရိုက်ခတ်ခဲ့ပြီး လူနေအိမ်တွေ ထိခိုက်ပျက်စီးမှုတွေ ရှိနေတယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
“အခုတစ်ခေါက် ရေကြီးတာက မိုးကြီးလို့ပါ။ ဥရုချောင်းနဘေးက မမုံ၊ ဖားပြင်ကျေးရွာတွေမှာ အဆိုးဆုံးဖြစ်နေပါတယ်။ အခုက ရေတွေတင်ဝင်တာမဟုတ်ဘူး၊ ချောင်းထဲက မြေစာတွေပါ ရွာထဲကို ဝင်လာတာပါ။ ဥရုချောင်းကလည်း ကောလာတော့ ရေလမ်းကြောင်းထွက်ပေါက် သိပ်မရှိသလို ဖြစ်သွားတယ်။ အဓိကကတော့ ကုမ္ပဏီတွေက စည်းကမ်းရှိရှိ မလုပ်တာလည်း ပါတယ်” လို့ သူက ပြောပါတယ်။
ယခုတစ်ကြိမ် ရေကြီးမှုမှာ ဥရုချောင်းရေ မြင့်တက်လာတာအပြင် မြေစာပုံတွေ ပြိုကျပြီး ရေနဲ့အတူ မြေစာတွေက ကျေးရွာတွေအတွင်း ဝင်ရောက်ရိုက်ခတ်ခဲ့တာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ရေကြီးမှုအတွင်း မြေစာတွေ မျောပါစီးဆင်းလာတာကြောင့် ကျေးရွာအတွင်း လမ်းပိုင်းတွေ ပျက်စီးခဲ့ပြီး ပြည်သူတွေ သွားလာရေးအခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပေမယ့် ပျက်စီးသွားတဲ့ အိမ်ခြေအရေအတွက်ကိုတော့ အသေးစိတ် မသိရသေးပါဘူး။
ဖားကန့်မြို့နယ်မှာ ဇူလိုင်လကုန်ပိုင်းက တစ်လကျော်အတွင်း ရေကြီးရေလျှံမှု ၅ ကြိမ်မြောက် ကြုံတွေ့ခဲ့ရပြီးနောက် ယခု ဩဂုတ်လဆန်းပိုင်းမှာ ထပ်မံရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
လက်ရှိမှာ ဖားပြင်၊ မမုံကျေးရွာတွေအပြင် ဖားကန့်မြို့ပေါ် ရပ်ကွက် ၅ ခုနဲ့ အခြားကျေးရွာတွေမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ဖားကန့် မှော်ဝမ်း၊ အေးမြသာယာ၊ မှော်မုံ၊ ဖားပြင် ဒီတစ်လျှောက်က တော်တော်လေး ဆိုးရွားနေပါတယ်။ လုံးခင်းဘက်ခြမ်းမှာတော့ အရမ်းကြီး စိုးရိမ်စရာ မရှိသေးဘူး” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ရေဘေးဒဏ်ကြောင့် ပြည်သူတွေဟာ ကျေးရွာနဲ့ ရပ်ကွက်အတွင်း သန့်ရှင်းရေး၊ ပြန်လည်ပြုပြင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲအချိန်မှာ တစ်ပတ်ခန့်အကြာ ထပ်မံရေကြီးလာတာ ဖြစ်ပါတယ်။
ဖားကန့်ဒေသမှာ ဥရုချောင်းရေကြီးမှုကြောင့် ပြည်သူတွေ နှစ်စဉ်ရေဘေးအန္တရာယ် ကြုံတွေ့နေရပေမယ့် ၂၀၂၆ ခုနှစ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားတဲ့အကြိမ်ရေဟာ အများဆုံးနှစ်တစ်နှစ် ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



