မလိခမြစ်ရေမြင့်တက်မှုကြောင့် နောင်ခိုင်ရွာတဝက်ခန့်ရေနစ်မြှပ်
ကချင်ပြည်နယ် မချမ်းဘော့မြို့နယ်မှာ မလိခမြစ်ရေမြင့်တက်လာတာကြောင့် နောင်ခိုင်ကျေးရွာနဲ့ စက်လှေဆိပ် တစ်ဝက်ခန့် ရေနစ်မြှုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မချမ်းဘော့မြို့နယ်နဲ့ မလိခမြစ်ဖျားပိုင်းမှာ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် သြဂုတ် ၄ ရက် ညပိုင်းကစပြီး မြစ်ရေတက်လာခဲ့တာဖြစ်ပြီး လက်ရှိမှာ နောင်ခိုင်ကျေးရွာနဲ့ စက်လှေဆိပ်တစ်ဝက်ခန့် ရေနစ်မြှုပ်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။
“သြဂုတ် ၄ ရက် ညပိုင်းကစပြီး ရေတက်လာတာ။ ခု နောင်ခိုင်စက်လှေဆိပ်ရော၊ ဆိုင်တန်းတွေရော တစ်ဝက်လောက် ရေနစ်သွားတယ်” လို့ အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မြစ်ရေ ဆက်တက်နေတာကြောင့် နောင်ခိုင်စက်လှေဆိပ်အပြင် မြစ်ကမ်းနားက ဆိုင်ခန်းတွေနဲ့ လူနေအိမ်အများအပြားလည်း ရေနစ်မြှုပ်နေဆဲဖြစ်ပြီး ရေနစ်တဲ့နေအိမ်ပိုင်ရှင်တွေနဲ့ ဆိုင်ရှင်တွေဟာ ဘေးလွတ်ရာ ကုန်းမြင့်ပိုင်းကို ယာယီပြောင်းရွှေ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရေက မကျသေးဘူး။ မြှုပ်တဲ့နေရာတွေက မြှုပ်နေတုန်းပဲ။ အိမ်မြှုပ်သွားတဲ့သူတွေနဲ့ ဆိုင်ရှင်တွေကတော့ လောလောဆယ် ဘေးလွတ်တဲ့ ကုန်းပေါ်မှာ နေနေကြတယ်။ အခြေအနေက ပိုဆိုးလာမလားဆိုတာတော့ စောင့်ကြည့်ရဦးမယ်” လို့ နောက်ထပ် ဒေသခံသမီးတစ်ဦးက ပြောပါတယ်။
ရေနစ်မြှုပ်မှုကြောင့် လူနေအိမ်နဲ့ ဆိုင်ခန်း အနည်းဆုံး ၁၀ လုံးခန့် ရေနစ်မြှုပ်ခဲ့သလို စက်လှေ သုံးစီးထက်မနည်းလည်း ရေစီးနဲ့ မျောပါသွားခဲ့တယ်လို့ သိရပါတယ်။
နောင်ခိုင်စက်လှေဆိပ်ဟာ ဒေသရဲ့ အထင်ကရ လည်ပတ်စရာဖြစ်တဲ့ နတ်ကျွန်းအပြင် မြစ်အောက်ပိုင်းကျေးရွာတွေနဲ့ နောင်ခိုင်၊ မချမ်းဘော့ဒေသက စိုက်ခင်းတွေဆီ သွားလာရာမှာ အဓိကအသုံးပြုရတဲ့ စက်လှေဆိပ်တစ်ခု ဖြစ်ပါတယ်။
ဒါ့အပြင် မချမ်းဘောမြို့ရဲ့အောက်ဘက်မှာ မလိခမြစ်ကပ်ရပ်မှာရှိတဲ့ကျေးရွာဖြစ်ပြီး ဆိုင်ကယ်နဲ့ဆိုရင် နာရီဝက်ဝန်းကျင်သွားရတဲ့နေရာမှာရှိတာဖြစ်ပါတယ်။
အလားတူ ဒီတစ်ပတ်အတွင်း ပူတာအိုမြို့နယ် လန်းတောင်ကျေးရွာအုပ်စု၊ မာမိန်ကျေးရွာမှာလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် လူနေအိမ်တွေ ရေနစ်မြှုပ်ခဲ့သလို လမ်းတွေနဲ့ တံတားတချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ကချင်ဒေသမှာ ဒီနှစ် မိုးရာသီအတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေမြင့်တက်လာတာ၊ချောင်းရေမြင့်တက်လာတာတွေကြောင့် ဖားကန့်၊ ဆဒုံး၊ကန်ပိုက်တည်၊မိုးကောင်းစတဲ့ဒေသတစ်ချို့မှာ ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေကြုံတွေ့နေကြရတာပါ။
ဒါကြောင့် ပြည်သူတွေဟာ အိုးအိမ်ထိခိုက်ပျက်စီးတာအပြင် သွားလာရေးအခက်အခဲတွေ ကြုံတွေ့နေရတဲ့အတွက် ကူညီထောက်ပံ့မှုတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
By – Zaw Zaw




