မိုးကြောင့် ကွင်းလမ်းသွားလာရေး ပိုခက်၊ ကုန်တင်ယာဉ်တွေကို ဆင်၊ ထွန်စက်နဲ့ ဆွဲထုတ်နေရ
မန္တလေး–မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းပေါ်က စီပိန်းကျေးရွာတစ်ဝိုက် ပင်မလမ်းပိုင်းကို အသုံးပြုလို့ မရသေးတာကြောင့် ကားတွေဟာ ကွင်းလမ်းကို အသုံးပြုနေကြရပါတယ်လို့ ကားသမားတွေပြောပါတယ်။
ဒါပေမယ့် မိုးဆက်တိုက်ရွာနေတာကြောင့် ကွင်းလမ်းတွေမှာ ဗွက်နှစ်ပြီး လမ်းချော်နေလို့ ကုန်တင်ယာဉ်တွေကို ဆင်တွေနဲ့ ထွန်စက်တွေ အကူအညီယူပြီး ဆွဲထုတ်နေရတယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေက KNG ကို ပြောပါတယ်။
“အခုက ကွင်းလမ်းကော ကားလမ်းကော အဆင်မပြေဘူး။ ကွင်းလမ်းကတော့ မိုးများလို့ ဗွက်နှစ်ပြီး လမ်းချော်တယ်။ ကားလမ်းကတော့ စစ်တပ်ဘက်က ပိတ်ထားတယ်။ ကားတွေကို ဆင်တွေ၊ ထွန်စက်တွေနဲ့ ဆွဲထုတ်နေရတယ်။ မိုးကလည်း ဆက်တိုက်ရွာနေလို့ လမ်းအခြေအနေက တော်တော်ဆိုးတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ စီပိန်းကျေးရွာတစ်ဝိုက်မှာ လတ်တလော တိုက်ပွဲတွေ ငြိမ်နေပေမယ့် အဓိကဗျူဟာလမ်းပိုင်းကို ခရီးသွားတွေဆက်လက်အသုံးပြုလို့မရသေးတဲ့အတွက် ကွင်းလမ်းကိုကနေသွားလာနေရတာဖြစ်ပါတယ်။
လက်ရှိအသုံးပြုနေတဲ့ ကွင်းလမ်းဟာ အင်းတော်မြို့အနောက်ဘက် ကျေးရွာတွေကို ဖြတ်ပြီး မော်လူးဘက်ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းဖြစ်ပါတယ်။
ကားသမားတွေက ဒီကွင်းလမ်းကို အစားထိုးအသုံးပြုနေပေမယ့် မိုးရွာသွန်းမှုကြောင့် သွားလာရေး ပိုခက်လာနေတယ်လို့ သိရပါတယ်။
“မော်လူး–နဘားကြား စီပိန်းရွာထိပ်မှာ ပိတ်လိုက်တာ။ တိုက်ပွဲလည်း မဖြစ်ဘူး။ သေနတ်တွေပစ်ဖောက်ပြီးတော့ ပိတ်လိုက် တာ။ လမ်းပိတ်တယ်ဆိုတာကလည်း စစ်တပ်ဘက်ကပဲ ပိတ်နေတာ။ ပိတ်တာတော့ ဩဂုတ်လ ၁ ရက်နေ့က။ စစ်တပ်က ပိတ်လိုက်တာ။ စီပိန်းရွာကို စစ်တပ်ဘက်ကပဲ ထိန်းချုပ်ထားတာ။”လို့ ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။
မန္တလေး–မြစ်ကြီးနား အရှေ့လမ်းပိုင်းကို စစ်ကောင်စီက ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ယာဉ်တွေဟာ ထီးချိုင့်–ကသာ–အင်းတော် လမ်းကြောင်းကို ပြန်လည်အသုံးပြုခဲ့ကြပါတယ်။
ဒါပေမဲ့ ဇူလိုင်လအတွင်း စီပိန်းကျေးရွာတစ်ဝိုက် စစ်ရေးပြန်လည်တင်းမာလာတာကြောင့် အဆိုပါလမ်းပိုင်းကို ထပ်မံအသုံးပြုလို့ မရတော့ဘဲ ကားသမားတွေဟာ အင်းတော်မြို့အနောက်ဘက် ကျေးရွာတွေကို ဖြတ်သန်းရတဲ့ ကွင်းလမ်းကို ပြောင်းလဲအသုံးပြုခဲ့ ရတာပါ။
လက်ရှိမှာတော့ မန္တလေး–မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို ဆက်လက်အသုံးပြုခွင့် မရသေးသလို အစားထိုးအသုံးပြုနေတဲ့ ကွင်းလမ်းတွေမှာလည်း မိုးရာသီကြောင့် လမ်းအခြေအနေ ပိုမိုဆိုးရွားလာနေဆဲဖြစ်ပြီး မန္တလေး–မြစ်ကြီးနားလမ်းပိုင်း ကုန်စည်ပို့ဆောင်ရေးနဲ့ ခရီးသွားလာရေး အခက်အခဲတွေ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေက ပြောကြပါတယ်။
By – အမိုး



