မော်ဝမ်းလေး စစ်ရှောင်တွေ ပြန်လည်ထူထောင်ရေးအတွက် အကူညီလိုအပ်နေ

ဖားကန့်မြို့နယ် မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာက စစ်ရှောင်ပြည်သူတွေဟာ လက်နက်နှစ်ဖက်တပ်ဖွဲ့တွေရဲ့ ညှိနှိုင်းမှုနဲ့ နေရပ်ပြန်တော့မှာဖြစ်တာကြောင့်  ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် နှစ်နှစ်နီးပါး နေရပ်စွန့်ခွာခဲ့ရတဲ့ကာလအတွင်း လူနေအိမ်အများစု မီးရှို့ဖျက်ဆီးခံထားရတာကြောင့် နေအိမ်တွေ ပြန်လည်ဆောက်လုပ်ဖို့ အကူအညီလိုအပ်နေတယ်လို့ ဆွတ်ငိုင်ယန်ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

အခု နေရပ်ပြန်တဲ့အခါ အိမ်တွေကို အစကနေ ပြန်ဆောက်ရတော့မယ်။ ပြန်လာကြည့်တဲ့အခါ မီးရှို့ခံထားရတဲ့အိမ်တွေက ပိုများနေတယ်။ ဒီလောက်ဆိုးရွားမယ်လို့ မထင်ထားဘူး။ တစ်ရွာလုံးနီးပါး ပျက်စီးသွားပြီလို့ ပြောပါတယ်။

ကျေးရွာအတွင်းရှိ နေအိမ်တွေဟာ မီးရှို့ဖျက်ဆီးခံရတာ၊ တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ထိမှန်တာနဲ့ ခိုးယူဖျက်ဆီးခံရတာတွေကြောင့် တစ်ရွာလုံးနီးပါး ပျက်စီးဆုံးရှုံးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ကျေးရွာအတွင်း တပ်ဆင်ထားတဲ့ မိုးကြိုးလိုင်းတွေ၊ တန်ဖိုးရှိပစ္စည်းတွေပါ ခိုးယူခံထားရတာကြောင့် နေရပ်ပြန်လာမယ့် ပြည်သူတွေအနေနဲ့ အခြေခံနေထိုင်ရေးအတွက်ပါ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဩဂုတ်လ ၅ ရက်နေ့မှာ နေရပ်ပြန်နေထိုင်ကြမယ့် ဆွတ်ငိုင်ယန်စစ်ရှောင်ပြည်သူတွေအတွက် နေအိမ်ပြန်လည်ဆောက်လုပ်ရေးနဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ ဝိုင်းဝန်းကူညီပေးကြဖို့ ဒေသခံတွေက တောင်းဆိုနေပါတယ်။

ဆွတ်ငိုင်ယန်စစ်ရှောင်တွေကို ပြီးခဲ့တဲ့ မေလကတည်းက နေရပ်ပြန်နေထိုင်ခွင့်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဘက်က ခွင့်ပြုထားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်နဲ့လည်း ညှိနှိုင်းကာ ပြန်လည်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်ဘက်ကိုလည်း နေရပ်ပြန်ဖို့ တင်ပြခဲ့ပါတယ်။ စစ်တပ်ဘက်ကလည်း ခွင့်ပြုပေးခဲ့တော့ အခုလို ပြန်ဖို့ ပြင်ဆင်လိုက်ကြတာပါ လို့ ဒေသခံအမျိုးသားက ဆက်ပြောပါတယ်။

လက်ရှိမှာ နေရပ်ပြန်မယ့် စစ်ရှောင်တွေဟာ လုံခြုံရေးအခြေအနေအပေါ် စိုးရိမ်မှုတွေ ရှိနေဆဲဖြစ်ပေမယ့် နေရပ်ပြန်ခွင့်ပြုထားတဲ့ နှစ်ဖက်တပ်ဖွဲ့တွေအနေနဲ့ တိုက်ပွဲတွေ မဖြစ်အောင် ထိန်းသိမ်းပေးဖို့လည်း ဒေသခံတွေက တောင်းဆိုထားပါတယ်။

ဆွတ်ငိုင်ယန်ကျေးရွာဟာ မော်ဝမ်းအုပ်စု၊ မော်ဝမ်းလေးကျေးရွာအတွင်းရှိ အိမ်ခြေ ၁၀၀ ကျော်နေထိုင်တဲ့ ကျေးရွာငယ်တစ်ခုဖြစ်ပြီး ဖားကန့်မြို့နယ် တပ်မကုန်းအနီးမှာ တည်ရှိပါတယ်။

ဖားကန့်ဒေသမှာ ၂၀၂၄ ခုနှစ်က KIA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာပြီးနောက် မော်ဝမ်းကြီး၊ မော်ဝမ်းလေး၊ မော်မောလယန်နဲ့ တောင်ပြို စတဲ့ တိုက်ပွဲဖြစ်ပွားရာနေရာတွေနဲ့ နီးစပ်တဲ့ ကျေးရွာတွေက ဒေသခံအများအပြားဟာ လုံခြုံရေးအရ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီစစ်ရှောင်ပြည်သူတွေဟာ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲမဖြစ်ပွားတဲ့ ကျေးရွာတွေမှာ ခိုလှုံနေကြသလို တချို့ကတော့ မြစ်ကြီးနားမြို့ပေါ်ဘက်ကိုပါ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button