လေကြောင်း တိုက်ခိုက်ခံရတာကြောင့် အရပ်သားနှစ်ဦး ထိခိုက်၊သေဆုံးမှုရှိ

ကသာမြို့နယ် ဝန်ဂရကျေးရွာမှာ စစ်ကောင်စီတပ်က စစ်တပ်သုံး လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် အရပ်သား ၂ ဦး ထိခိုက်၊ သေဆုံးခဲ့ကြောင်းသိရပါတယ်။

ဒီကနေ့ ဩဂုတ်လ ၇ ရက်နေ့ ည ၆ နာရီဝန်းကျင်မှာ ဂျက်တစ်စီး၊ Mi 35 နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဝန်ဂရကျေးရွာ ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

ကျနော်တို့ရွာက တိုက်ပွဲတော့မဖြစ်ဘူး ဒါပေမယ့် တိုက်ပွဲနယ်မြေနဲ့တော့နီးတယ်။ ကျေးရွာတစ်ဝိုက်မှာ KIA နဲ့ PDF တွေလည်း မရှိပါဘူး။ ဘာကြောင့်လာပစ်တာလည်း သေချာတော့မသိဘူးလို့ပြောပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်သွားတဲ့ လေယာဉ်ဗုံးက ဝန်ဂရ ရွာဘုန်းကြီးကျောင်းထိခိုက်ပျက်စီးသွားပြီး လင်မယားနှစ်ဦးလည်း ထိမှန်ခဲ့ပါတယ်။

အဆိုပါ လင်မယားနှစ်ဦးထဲကနေ အမျိုးသားဖြစ်သူ ဦးမျိုးမြင့်ဦးဆိုသူက ခြေထောက်တစ်ဖက် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အသက် ၃၅ နှစ်အရွယ်အမျိုးသမီးဖြစ်သူက ပွဲချင်းပြီးသေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အိမ်မွေးတရိစ္ဆာန်ဖြစ်တဲ့ ကျွဲ၊ နွား နှစ်ကောင်းလည်း ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ ဆက်သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဝန်ဂရကျေးရွာဟာ ရွှေကူမြို့နယ်နဲ့ ထိစပ်တဲ့နေရာမှာတည်ရှိတာလည်းဖြစ်ပါတယ်။

ကသာနဲ့ ရွှေကူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လကတည်းကနေ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာ တစ်လကျော်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button