ဂိတ်ကြေး အဆမတန် ကောက်ခံမှုများကြောင့် ကုန်စျေးနှုန်းဒဏ် အများပြည်သူအပေါ် သက်ရောက်
မြန်မာ–တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ် ကန်ပိုင်တီဂိတ်ကနေ ဝင်လာတဲ့ စက်သုံးဆီတင်ကားတွေဟာ မြစ်ကြီးနားအထိ သယ်ယူရာမှာ လမ်းပိုင်း ဂိတ်ကြေးမှာတင် သိန်း ၅၀၀ ခန့်အထိ ကုန်ကျတာကြောင့် ဆီစျေးနှုန်း နဲ့ အများပြည်သူအပေါ် သက်ရောက်မှု ရှိနေတယ်လို့ ဆီကုန်သည်တွေ ပြောပါတယ်။
ဂွေထု ပြည်သူ့စစ်နယ်မြေမှာ ဆီဘောက်ဆာတွဲကားတစ်စီး ကျပ် ၃၀၀ သိန်း၊ မိုင်းနား နယ်ထိန်းရဲစခန်းဂိတ်မှာ ကျပ် ၃၀ သိန်း၊ ဝိုင်းမော်ရဲစခန်းမှာ ၂၈ သိန်း ၊ မိုင်းနားတောင်ပေါ် ဘုရားစစ်ကောင်စီဂိတ်မှာ ၁၀ သိန်း၊ တပ်ရင်း ၃၀ ရဲတပ်ဖွဲ့ဂိတ်မှာ ၄ သိန်း စတဲ့ ဂိတ်ကြေးတွေအပါအဝင် အခြားဂိတ်တွေမှာ ကုန်ကျတယ်လို့ ဆိုပါတယ်။
အဲဒီဂိတ်တွေအနက် မိုင်းနား – နောင်းချိန်း – ဝါးရှောင် လမ်းပိုင်းက ဦးမဂျီနော်လီ ဦးဆောင်တဲ့ ပြည်သူ့စစ်ဂိတ်မှာ ဆီတင်ကားကြီး တစ်စီးကို သိန်း ၁၀၀ ကျော်ကနေ သိန်း ၃၀၀ အထိ ပေးဆောင်ရတယ်လို့ ဆီကုန်သည်တွေက ပြောပါတယ်။
“နောင်းချိန်းနဲ့ ဝါရှောင်ကြားထဲမှာတင် ဆီဘောက်ဆာကား ၁၀ ဘီးကားတစ်စီးကို သိန်း ၂၀၀ ပေးရတယ်။ အဲထဲမှာ အဖွဲ့အစည်း နာမည် ဒါမှမဟုတ် အဖွဲ့အစည်းအာမခံနဲ့ ဖြတ်ရင်တော့ သိန်း ၁၀၀ကျော် လျှော့ကောက်တယ်။ ရိုးရိုးသာမန်ပြည်သူ ဆီကုန်သည်သီးသန့်ဆိုရင်တော့ သိန်း ၂၀၀ ပေါ့။ ဆီဘောက်ဆာကားကြီးဆိုရင် သိန်း ၃၀၀၊ အဲမှာ ဗလမင်းထင်တံတား ဂိတ်တောင် မပါသေးဘူး။ မြစ်ကြီးနားထိဆိုရင်တော့ ပြည်သူတွေက တော်တော် ဒုက္ခရောက်တယ်” လို့ ဆီကုန်သည်တစ်ဦးက ပြောပါတယ်။
နောင်းချိန်းရွာထိပ် ဂွေထုလမ်းဆုံမှာ ထိုင်နေတဲ့ ဂွေထုပြည်သူ့စစ်ဂိတ်မှာ ဆီတင်ထားတဲ့ ၁၀ ဘီးကားတစ်စီးကို အဖွဲ့အစည်း ဒါမှမဟုတ် အာမခံနဲ့ဆိုရင်တော့ သိန်း ၁၀၀ ကျော်ကောက်ပြီး ရိုးရိုး သာမန်ဆီကုန်သည်တွေကို သိန်း ၂၀၀ ကောက်တယ်လို့ ဆိုပါတယ်။ ဆီဘောက်ဆာ တွဲကားကြီးတစ်စီးဆိုရင် သိန်း ၃၀၀ အထိ လမ်းဖြတ်ခ ပေးဆောင်ရတယ်လို့ ဆိုပါတယ်။
မိုင်းနား – ဝါးရှောင် လမ်းပိုင်းမှာ ဂွေထုပြည်သူ့စစ်ဂိတ် ၃ ခုရှိတယ်လို့ သိရပါတယ်။ မိုင်းနား ဗလမင်းထင်တံတားဝင်ခါနီး အလောင်းကစားရုံနားမှာ တစ်ဂိတ်၊ နောင်းချိန်ရွာထိပ် ဂွေထုလမ်းဆုံ နဲ့ ဝါးရှောင်အနီးပါဝါနိုင်းဂိတ် စသဖြင့် ဂိတ် ၃ ခုရှိတယ်လို့ ဆိုပါတယ်။
ဒီဂိတ်တွေထဲမှာ ဂိတ်ကြေးအများဆုံးကောက်ခံလျက်ရှိတာကတော့ ဝါးရှောင်ကျေးရွာအဝင် ပါဝါနိုင်းဂိတ်နဲ့ နောင်းချိန်းကျေးရွာ ဂွေထုလမ်းဆုံ ဂိတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
နောင်းချိန်း– ဝါးရှောင်ကြား ပါဝါနိုင်းအထိ ဦးမဂျီနော်လီ ကိုယ်တိုင်လာရောက်ပြီး ဆီသယ်ကားတွေကို ငွေကောက်ကာ၊ ငွေ မပေးပါက ခြိမ်းခြောက်၊ ဖမ်းဆီးတာတွေထိ လုပ်ဆောင်လျက်ရှိတယ်လို့ ကားသမားတွေ ပြောပါတယ်။
“သူပြည်သူ့စစ်ခေါင်းဆောင်ပြောင်းလဲလုပ်တဲ့နေကစပြီး ဒီလမ်းပိုင်းတွေမှာ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး တော်တော်ဒုက္ခရောက်တယ်။ အားလုံးကို ဒုက္ခပေးတယ်။ အကြပ်ရိုက်တယ်။ ဘိလပ်ကားတွေကိုလည်း သူကြိုက်သလို ဖမ်းတယ်။ သူကိုယ်တိုင် သေနတ်ရှည်ကိုင်ထားပြီး ဂိတ်မှာထိုင်တာ။” လို့ သူက ဆက်ပြောပါတယ်။
မိုင်းနား – နောင်းချိန်း – ဂွေထု – ဝါးရှောင် လမ်းပိုင်းတွေမှာ သွားလာတဲ့ သာမန် ကား၊ ဆိုင်ကယ်တွေကိုလည်း သောင်းဂဏန်းကနေ ၁ သိန်းထိ ကောက်ခံပြီး ကုန်ကားတွေကိုလည်း ကားအမျိုးအစားလိုက် ဂိတ်ကြေးအဆမတန် ကောက်ခံတယ်လို့ ဆက်လက်သိရပါတယ်။
လမ်းဖြတ်ခ အများဆုံးပေးဆောင်နေရတာကတော့ ဂွေထုပြည်သူ့စစ်ဂိတ်တွေမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကန်ပိုင်တီမှ ဝိုင်းမော်ကြားရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေရှိ ဝါးရှောင်ဂိတ်၊ ဆဒုံးဘွမ်တောင်နားဂိတ်၊ ဆဒုံးရေတံခွန်အထက် မြို့အဝင်က တပ်ပေါင်းစုဂိတ်နဲ့ လဖိုင်ကျေးရွာဂိတ်များအပါအဝင် ကန်ပိုင်တီဂိတ် စတဲ့ဂိတ်များတွင်လည်း ဆီဘောက်ဆာတွဲကား တစ်စီး စုပေါင်းငွေ သိန်း ၁၀၀ ကနေ ၂၀၀ ကြား ခန့် ဂိတ်ကြေး ပေးဆောင်ရကြောင်း ကားသမားတွေဆီကနေ သိရပါတယ်။
ဒါကြောင့် ကန်ပိုင်တီ မှ မြစ်ကြီးနားအထိ စစ်တပ်ဂိတ်၊ပြည်သူ့စစ်ဂိတ်၊ KIA ဂိတ်များ ပေါင်းလိုက်ပါက ဆီကုန်သည်တွေ အတွက် လမ်းဖြတ်ခ သိန်း ၅၀၀ ခန့် ကုန်ကျနေရခြင်း ဖြစ်ပါတယ်။
စက်သုံးဆီ ကုန်သည်များအနေနဲ့ ဆီသယ်ယူပို့ဆောင်ရာမှာ လမ်းဖြတ်ခ ဂိတ်ကြေးသိန်းရာချီ ကုန်ကျနေရတာကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာရာ ထိုကုန်ကျစရိတ်တွေကို ဆီစျေးနှုန်းတွေမှာ ထည့်သွင်းရောင်းချရတဲ့ အခြေအနေများ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
အခုလို လမ်းဖြတ်ခနဲ့ အခြားသယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များ မြင့်တက်လာခြင်းက ဆီစျေးနှုန်းသာမက ကုန်စျေးနှုန်းများအထိ ရိုက်ခတ်နေပြီး အများပြည်သူပေါ် သက်ရောက်မှုရှိနေတဲ့ အခြေအနေဖြစ်နေပါတယ်။
ဦးမဂျီနော်လီ ဟာ လွန်ခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လဆန်းပိုင်းမှာ ပြည်သူ့စစ် ခေါင်းဆောင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားကာ အရာရှိ ကို ပစ်သတ်လိုက်တဲ့အမှုနဲ့ အကျယ်ချုပ်ခံလိုက်ရပြီးနောက် ပြန်လွှတ်မြောက်လာ သူဖြစ်ပါတယ်။
By – ဂျာဘောက်ရာ




