ရေဘေးအလှူကို အခွင့်ကောင်းယူပြီး လိမ်လည်အလှူခံသူတွေများလာ

မြစ်ကြီးနားမြို့ပေါ်မှာ ရေဘေးသင့်ပြည်သူတွေကို အခွင့်ကောင်းယူပြီး ရေဘေးကယ်ဆယ်ရေးအတွက်ဆိုကာ လိမ်လည်အလှူခံသူတွေ များလာနေတယ်လို့ မြို့ခံတွေက KNG ကို ပြောပါတယ်။

အလှူခံသူတချို့ဟာ သက်ဆိုင်ရာဌာနတွေရဲ့ လက်မှတ်နဲ့ ရုံးတံဆိပ်အတုတွေ အသုံးပြုပြီး မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တွေအတွင်း အိမ်တိုင်ရာရောက် လိုက်လံအလှူခံနေကြတယ်လို့ ဆိုပါတယ်။ 

ရေဘေးဖြစ်နေတော့ ကူညီချင်တဲ့စိတ်နဲ့ အလှူခံလာရင် အလွယ်တကူယုံမိနိုင်တယ်။ တချို့က စာရွက်စာတမ်းတွေ၊ တံဆိပ်တွေပါ ပြထားတော့ အတုလား၊ အစစ်လား မသိနိုင်ဘူး။ အိမ်တိုင်ရာရောက်လာတာဆိုတော့ အလှူငွေကိစ္စတင်မကဘဲ အိမ်လုံခြုံရေးအတွက်ပါ စိုးရိမ်ရတယ်” လို့ မြို့ခံတစ်ဦးက KNG ကို ပြောပါတယ်။

လတ်တလော ရေဘေးသင့်ဒေသတွေမှာ အရေးပေါ်အကူအညီတွေ လိုအပ်နေတဲ့အချိန် ဖြစ်တာကြောင့် ရေဘေးကယ်ဆယ်ရေးအတွက်ဆိုပြီး အလှူငွေ လာရောက်တောင်းခံတာတွေ နေ့တိုင်းနီးပါး ရှိလာတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ရေဘေးအလှူခံတာတွေအပြင် ဘိုးဘွားရိပ်သာ၊ ဘုန်းကြီးကျောင်းပြုပြင်ရေးနဲ့ လမ်းခင်းပေးဖို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မြစ်ကြီးနားမြို့ပေါ် နေအိမ်တွေအထိ လာရောက်အလှူခံသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ 

အထူးသဖြင့် အမျိုးသမီးနဲ့ အသက်ကြီးသူတွေ အိမ်မှာ တစ်ဦးတည်းရှိချိန် အလှူခံသူအဖြစ် အိမ်အတွင်း ဝင်ရောက်ဖို့ ကြိုးစားတာမျိုးတွေ ရှိလာနိုင်တာကြောင့် သတိထားဖို့ မြို့ခံတွေက တိုက်တွန်းနေပါတယ်။

အလှူပေးချင်လို့ တံခါးဖွင့်လိုက်ရင် ကိုယ့်အိမ်အခြေအနေကိုပါ သိသွားနိုင်တယ်။ အထူးသဖြင့် အိမ်မှာ လူတစ်ယောက်တည်းရှိတဲ့အချိန်ဆို ပိုသတိထားသင့်တယ်။ မသေချာတဲ့အဖွဲ့ဆို အိမ်ထဲဝင်ခွင့်မပေးဘဲ အဖွဲ့အစည်းနာမည်၊ အလှူခံခွင့်ပြုချက်နဲ့ ဆက်သွယ်မေးမြန်းပြီးမှ လှူသင့်တယ် လို့ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ရေဘေးဒုက္ခကို အခွင့်ကောင်းယူပြီး လိမ်လည်အလှူခံမှုတွေ မဖြစ်စေဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ တရားဝင်အလှူခံခွင့်ရထားတဲ့ အဖွဲ့အစည်းတွေကို စာရင်းထုတ်ပြန်ပေးတာနဲ့ အလှူခံသူတွေကို သက်သေခံကတ်ပြား စနစ်တကျ ထုတ်ပေးတာတွေ လုပ်ဆောင်ပေးဖို့ မြို့ခံတွေက တောင်းဆိုနေကြပါတယ်။ 

ပြည်သူတွေအနေနဲ့လည်း အလှူမပေးခင် အဖွဲ့အစည်းအမည်၊ စာရွက်စာတမ်းနဲ့ အလှူခံခွင့်ပြုချက်တွေကို စိစစ်မေးမြန်းဖို့ လိုအပ်တယ်လို့ တိုက်တွန်းနေကြပါတယ်။

မြန်မာနိုင်ငံမှာ ဇူလိုင်လကုန်ကတည်းက မိုးသည်းထန်စွာရွာသွန်းမှု၊ ဆည်ရေထုတ်လွှတ်မှုနဲ့ တာတမံပျက်စီးမှုတွေကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းအပါအဝင် ဒေသတချို့မှာ ရေကြီးနေပြီး လူထောင်နဲ့ချီ ရွှေ့ပြောင်းနေရပါတယ်။ ဩဂုတ် ၁၂ ရက်အထိ ရေကြီးမှုကြောင့် လူ ၄၄၀,၀၀၀ ကျော် ထိခိုက်ခဲ့တယ်လို့ Assessment Capacities Project (ACAPS) က ဖော်ပြထားပါတယ်။

By – Zami

Show More

Leave a Reply

Back to top button