စစ်အာဏာသိမ်းပြီးနောက် ကချင်မှာ Rare Earth တူးဖော်ရေးနေရာ ၃၀၂ ခု တိုးလာ

စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ မြေရှားသတ္တု (Rare Earth )သတ္တုတူးဖော်ရေးနေရာသစ် ၃၀၂ ခု တိုးလာတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (OHCHR) ရဲ့ ဩဂုတ် ၂၅ ရက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ခုလို မြေရှားသတ္တုတူးဖော်မှု ပိုတိုးလာတာဟာ တရားဥပဒေစိုးမိုးမှု အားနည်းလာတာနဲ့အတူ တရားမဝင်သတ္တုတူးဖော်မှုတွေ ပိုမိုကျယ်ပြန့်လာစေတယ်လို့ ဆိုပါတယ်။

OHCHR ရဲ့ အစီရင်ခံစာအရ ဂြိုဟ်တုဓာတ်ပုံတွေကို လေ့လာရာမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ကချင်ပြည်နယ်အတွင်း Rare Earth တူးဖော်ရေးနေရာသစ် ၃၀၂ ခု တွေ့ရှိခဲ့ပြီး ရှမ်းပြည်နယ်မှာလည်း စစ်အာဏာသိမ်းမှုမတိုင်ခင် တူးဖော်ရေးနေရာ ၁၂ ခုရှိရာကနေ နောက်ပိုင်း ၈၅ ခုအထိ တိုးလာတယ်လို့ ဆိုပါတယ်။

Rare Earth တူးဖော်မှုကနေ ထွက်လာတဲ့ အဆိပ်အတောက်ပါဝင်တဲ့ စွန့်ပစ်ရည်တွေဟာ ရေချောင်း၊ မြစ်နဲ့ လယ်ယာမြေတွေထဲ စီးဝင်ပြီး ဒေသခံတွေရဲ့ ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကျောင်းအပေါ် ထိခိုက်မှုတွေ ဖြစ်စေနိုင်တယ်လို့ UN က ဖော်ပြထားပါတယ်။

ဒေသတွင်းမှတ်တမ်းတွေအရ အဆိပ်အတောက်နဲ့ သတ္တုဓာတုပစ္စည်းတွေ ထိတွေ့မှုဟာ ကိုယ်ဝန်ပျက်ကျမှု၊ ကိုယ်ဝန်ဆောင်ကျန်းမာရေးပြဿနာတွေနဲ့ ရေရှည်ကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် Rare Earth တူးဖော်မှုကနေ ရရှိတဲ့ ဝင်ငွေတွေဟာ ပဋိပက္ခအတွက် ငွေကြေးအရင်းအမြစ်တစ်ခု ဖြစ်လာနေပြီး မြန်မာနိုင်ငံရဲ့ Rare Earth ကုန်သွယ်မှုဟာ ၂၀၂၃ ခုနှစ်မှာ ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ အထိ ရှိခဲ့တယ်လို့ OHCHR က ဖော်ပြထားပါတယ်။

အဲဒီကုန်သွယ်မှုရဲ့ အများစုဟာ တရုတ်ဈေးကွက်ကို ရောက်ရှိတယ်လို့လည်း ဆိုပါတယ်။Rare Earth တူးဖော်မှုရဲ့ သက်ရောက်မှုဟာ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းမှာသာ ကန့်သတ်မနေဘဲ နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာအထိ ရောက်လာတယ်လို့ UN က ထောက်ပြထားပါတယ်။

မြစ်ရေတွေမှာ အာဆင်းနစ်၊ ခဲ၊ မာကျူရီနဲ့ မန်ဂနိစ် စတဲ့ သတ္တုဓာတုပစ္စည်းတွေ မြင့်မားစွာ တွေ့ရှိထားပြီး ထိုင်းနိုင်ငံဘက်ကို စီးဆင်းတဲ့ ရေမြစ်တွေမှာလည်း ညစ်ညမ်းမှုတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

OHCHR ကတော့ မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ တရားဥပဒေစိုးမိုးမှု ပျက်ပြားလာတာဟာ သယံဇာတအခြေပြု တရားမဝင်စီးပွားရေးတွေ ပိုမိုတိုးချဲ့လာစေပြီး ပဋိပက္ခကို ငွေကြေးထောက်ပံ့တဲ့ “conflict economy” တစ်စိတ်တစ်ပိုင်း ဖြစ်လာစေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါကြောင့် ကချင်ပြည်နယ်က Rare Earth တူးဖော်မှုဟာ သတ္တုထုတ်လုပ်ရေးနဲ့ နိုင်ငံခြားဝင်ငွေ ရရှိရေးကိစ္စတစ်ခုတည်းမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်၊ ဒေသခံကျန်းမာရေးနဲ့ ပဋိပက္ခစီးပွားရေးတို့နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ပြဿနာတစ်ခု ဖြစ်လာနေတယ်လို့လည်း ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်မှာ Rare Earth တူးဖော်မှုဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပိုမိုကျယ်ပြန့်လာခဲ့ပြီး အထူးသဖြင့် ပန်ဝါနဲ့ ချီဖွေ၊ ဆော့လော်ဒေသတွေမှာ တူးဖော်ရေးလုပ်ငန်းတွေ ရှိလာခဲ့ပါတယ်။

Rare Earthလို့ခေါ်တဲ့ မြေရှားသတ္တုဟာ လျှပ်စစ်ကား၊ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ စစ်ဘက်နည်းပညာတွေမှာ အသုံးပြုရတဲ့ အရေးပါတဲ့ သတ္တုဖြစ်တာကြောင့် တရုတ်ဈေးကွက်မှာ ဝယ်လိုအားမြင့်မားနေပါတယ်။

တစ်ဖက်မှာတော့ သတ္တုခွဲထုတ်ရာမှာ ဓာတုပစ္စည်းတွေ အသုံးပြုရတာကြောင့် ရေ၊ မြေနဲ့ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းအပေါ် ရေရှည်ထိခိုက်နိုင်တဲ့ သဘာဝပတ်ဝန်းကျင်ပြဿနာတွေ ရှိနေတာလည်းဖြစ်ပါတယ်။

By – Zami

Show More

Leave a Reply

Back to top button