စစ်တပ်ရဲ့ ရေယာဉ် ၂ စီး တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIO ပြော
ကချင်ပြည်နယ် ရွှေကူမြို့မှာ ကမ်းကပ်ထားတဲ့ စစ်တပ်ရဲ့ ဒုတိယအကြိမ် ဧရာဝတီရေကြောင်းစစ်ကြောင်းထဲက ရေယာဉ် ၂ စီးကို KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာကြောင့် ဒီနေ့ စက်တင်ဘာ ၉ ရက် နေ့လည်ပိုင်းမှာ မီးလောင်ပျက်စီးသွားတယ်လို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG ကို အတည်ပြုပြောပါတယ်။
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းနဲ့ ပေပင်ဆိပ်ကမ်းဘက်ကနေ စက်တင်ဘာ ၄ ရက်မှာ ဒုတိယအကြိမ် ဆန်တက်လာတဲ့ ရေယာဉ်အုပ်စုထဲက ရေယာဉ် ၉ စီးဟာ စက်တင်ဘာ ၈ ရက်မှာ ရွှေကူမြို့ကို ရောက်ရှိလာပြီး မြစ်ကမ်းမှာ ကမ်းကပ်ထားချိန် တိုက်ခိုက်ခံရတာလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“ကသာကနေ သင်္ဘောတွေ ရွှေကူကိုရောက်တယ်။ ရွှေကူမှာ ကမ်းကပ်ထားတယ်လို့ ကြားသိရတယ်။ အဲဒါကို KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်လို့ ပျက်စီးမီးလောင်သွားတယ်လို့ ကြားသိရတယ်။ တင်လာတဲ့ကုန်တွေကတော့ ဘယ်လိုလဲတော့ မသိဘူး။ သင်္ဘော ၂ စီးကိုတော့ တိုက်ခိုက်လို့ မီးလောင်ပျက်စီးသွားတယ်ဆိုတာ ဒီလောက်တော့ ကြားသိရပြီ။ တခြားတော့ ကျနော်တို့ သိရတာ ဘာမှမရှိသေးပါဘူး” လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ ရွှေကူကို ရောက်ရှိလာတဲ့ ရေယာဉ် ၉ စီးမှာ ဖလပ်သံခွန်အကြီး ၁ စီး၊ တွဲတွန်းရေယာဉ် ၄ စီးနဲ့ စစ်သင်္ဘော ၄ စီး ပါဝင်ပါတယ်။ အဲဒီရေယာဉ်တွေဟာ ရွှေကူကနေ မြစ်အထက်ဘက်ကို ဆက်လက်ဆန်တက်ဖို့ ကြိုးစားနေချိန် တိုက်ခိုက်ခံရတာလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
“အားလုံးသင်္ဘောက ၉ စီးရောက်တယ်လေ၊ မနေ့ကရောက်တာ။ မီးလောင်ပျက်စီးတာက ဒီနေ့ နေ့လည်လောက်က လောင်တာ။ အဓိကတော့ သံခွန်အကြီးတစ်စီးပါမယ်။ တွဲတွန်း ၄ စီးပါမယ်။ စစ်သင်္ဘောက ၄ စီးပါမယ်” လို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
နောက်ထပ် သတင်းရင်းမြစ်တစ်ဦးကလည်း လက်ရှိ ရေယာဉ်တွေ ရွှေကူမှာပဲ ရှိနေသေးပြီး ဒီနေ့ မြစ်အထက်ဘက်ကို နည်းနည်းဆန်တက်ဖို့ ကြိုးစားချိန်မှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။
“လောလောဆယ် ရွှေကူမှာပါပဲ။ ဒီနေ့တော့ နည်းနည်းတက်ဖို့ ကြိုးစားတာနဲ့ မီးလောင်သွားတာ။ အခုတော့ မသိသေးဘူး။ နေ့လည်က အခြေအနေပဲ သိရသေးတာ” လို့ သူက ပြောပါတယ်။
မီးလောင်ပျက်စီးခဲ့တဲ့ ရေယာဉ် ၂ စီးဟာ ဘယ်အမျိုးအစားဖြစ်တယ်ဆိုတာနဲ့ ရေယာဉ်တွေပေါ်မှာ သယ်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေ ဘာတွေပါဝင်တယ်ဆိုတာကိုတော့ လက်ရှိအချိန်အထိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
KNG က ရရှိထားတဲ့ ဓာတ်ပုံတွေအရ မီးလောင်ပျက်စီးခဲ့တဲ့ ရေယာဉ်တွေထဲမှာ တွဲတွန်းရေယာဉ် ပါဝင်နိုင်တယ်လို့ တွေ့ရပေမယ့် ရေယာဉ်အမျိုးအစားကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒုတိယအကြိမ် ဆန်တက်လာတဲ့ ရေယာဉ်အုပ်စုထဲက ရေယာဉ်အများအပြားဟာ လက်ရှိ ထီးချိုင့်မြို့နယ် မောင်းကုန်းမှာ ကျန်ရှိနေသေးပြီး ရေယာဉ် ၂၇ စီး ကမ်းကပ်ထားကာ သယ်ဆောင်လာတဲ့ ကျောက်မီးသွေးတွေကို ချနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “၂၇ စီးကတော့ မောင်းကုန်းမှာ ကပ်ထားတယ်။ ကျောက်မီးသွေးတွေ ချနေတယ်လို့ သိရတယ်။ တိုက်ခိုက်ရေးစစ်သင်္ဘောတွေ တက်သွားတာ” လို့ သူက ပြောပါတယ်။
ဒီရေယာဉ် ၉ စီးဟာ စစ်တပ်က မန္တလေးဘက်ကနေ ကချင်ပြည်နယ်ဘက်ကို ဒုတိယအကြိမ် ပို့ဆောင်လာတဲ့ ရေကြောင်းစစ်ကြောင်းထဲက တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
ဒီရေကြောင်းစစ်ကြောင်း မတိုင်ခင် ဩဂုတ် ၂၁ ရက်မှာလည်း မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ ရေယာဉ် ၁၅ စီးခန့်ပါဝင်တဲ့ ပထမအကြိမ် ရေကြောင်းစစ်ကြောင်း ကချင်ပြည်နယ်ဘက်ကို ဆန်တက်လာခဲ့ပါတယ်။
ပထမအကြိမ် ရေယာဉ်အုပ်စုဟာ ရွှေကူနဲ့ စင်းခန်းဒေသတစ်ဝိုက်မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို ကြုံတွေ့ခဲ့ပြီး ရေယာဉ်တချို့ ပျက်စီးတာနဲ့ နစ်မြုပ်တာတွေ ရှိခဲ့ပါတယ်။ အဲဒီနောက် တိုက်ခိုက်ရေးသင်္ဘော ၂ စီးနဲ့ ကုန်တင်ရေယာဉ် ၅ စီး စုစုပေါင်း ၇ စီးဟာ ဗန်းမော်မြို့အထိ ရောက်ရှိခဲ့ပါတယ်။
လက်ရှိမှာတော့ ရွှေကူမြို့မှာ ရေယာဉ် ၂ စီး မီးလောင်ပျက်စီးခဲ့တဲ့ တိုက်ခိုက်မှုအပြီး ဒုတိယအကြိမ် ရေကြောင်းစစ်ကြောင်းရဲ့ ကျန်ရှိနေတဲ့ ရေယာဉ်တွေ ဘယ်လိုဆက်လက်ဆန်တက်မလဲဆိုတာကို စောင့်ကြည့်နေရပါတယ်။




