စစ်တပ် နဲ့ KIO တွေ့ဆုံဆွေးနွေးဖို့ အလှမ်းဝေးနိုင်သေးကြောင်း လေ့လာသုံးသပ်သူများ ပြောဆို
အာဏာသိမ်းစစ်တပ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC အဖွဲ့က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းထားတဲ့ သတင်းထွက်ပေါ်နေပေမယ့် တွေ့ဆုံနိုင်ဖို့ အလှမ်းဝေးနိုင်သေးတယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ကချင်ဒေသထဲကို စစ်တပ်ရဲ့ သင်္ဘောတွေအုပ်စုလိုက် ဝင်ရောက်လာတဲ့အချိန် KIA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်ခံရမှုကြောင့် စစ်ရေးရှုံးနိမ့်နေတဲ့အချိန်မှာ အခုလို ဆွေးနွေးဖို့ သတင်းထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းလာခဲ့တယ်ဆိုရင် ဒါဟာ စစ်တပ်ဘက်က စစ်ရေးအရ ဆုံးရှုံးမှုများလာတဲ့အတွက် KIA ဘက်ကို ဦးလှည့်လာတဲ့ဖြစ်နိုင်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“စစ်တပ်ဘက်က အခုလိုပြောဆိုလာတာက စစ်ရေးရှုံးနိမ့်လာလို့လို့ပဲမြင်ပါတယ်။ အခု ရခိုင်ဘက်ဆိုရင်လည်း ကုန်သလောက်ရှိလာပြီလေ။ တိုက်ပွဲတောင် မြို့ပေါ်တွေမှာပဲ ပစ်ခတ်နေကြပြီလေ။ AA ကိုလည်း စစ်ရေးပြန်ပြီး ရှုံးလာတဲ့အပေါ်မှာ KIA ဘက်ကို ပြန်ပြီး ဦးလှည့်လာတယ်။ ကချင်ဒေသတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ငြိမ်သက်သွားအောင် လုပ်နိုင်မလားဆိုပြီး လုပ်လာတယ်လို့ထင်ပါတယ်။ KIA နဲ့ ညှိနှိုင်းတာတွေလုပ်နိုင်တော့ ဖြေလျှော့လာမယ်လို့ ဗျူဟာရှိလို့ထင်တယ်” လို့ ပြောပါတယ်။
လက်ရှိ ကချင်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအပြင် KIO အနေနဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းဖို့ ကြွေးကြော်နေတဲ့အခြေအနေတွေကို သုံးသပ်ကြည့်ရင် တွေ့ဆုံပြောဆိုဖို့က ဖြစ်နိုင်ခြေ မရှိနိုင်သေးကြောင်း အထက်ပါ အမျိုးသားက ဆက်ဆိုပါတယ်။
“အခုလောလောဆယ် တွေ့ဆုံဖို့တော့မဖြစ်နိုင်လောက်သေးဘူး။ ဘာလို့လဲဆိုတော့ KIO/KIA ဥက္ကဋ္ဌ ကိုယ်တိုင်က ပြည်သူတွေနဲ့ ထိတွေ့ ပြောဆိုတဲ့အခါတိုင်းမှာလည်း စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းဖို့ဆိုပြီး အမြဲပြောဆိုနေတာဆိုတော့ KIO ကနေ သွားဖို့က တော်တော်ခက်ခဲအုံးမယ်” လို့ ပြောပါတယ်။
အခုလို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းခံနေရတဲ့အချိန် ကချင်ပြည်နယ်က ရွှေကူမြို့နယ်ထဲမှာ စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။
ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့တစ်ခုလုံးကို စစ်တပ်ဘက်က အပြီးသတ်ထိန်းချုပ်နိုင်ဖို့ ဩဂုတ်လ ၂၁ ရက်နေ့ကစတင်ပြီး စက်တင်ဘာလဆန်းပိုင်းအထိ ၂ ကြိမ်တိတိ ရေကြောင်းအသုံးပြုကာ စစ်လက်နက်၊ ရိက္ခာတွေကို စစ်သင်္ဘောကနေ သယ်ဆောင်ကာ ကချင်ပြည်နယ်ထဲ ကိုဆန်တက်လာခဲ့တာဖြစ်ပါတယ်။
ပထမတစ်ကြိမ် စစ်သင်္ဘော ၁၅ စီးတက်လာတဲ့ စစ်သင်္ဘောအုပ်စုကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ရွှေကူမြို့အထက် စင်းခန်း၊ ဇင်းဘုံ စတဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ပေါ်မှာ စောင့်ကြိုခိုက်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က စစ်သင်္ဘော ၇ စီးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး စစ်သုံ့ပန်း ၁၅၀ ကျော်ထက်မနည်း ဖမ်းဆီးရမိခဲ့ပါတယ်။
စစ်သင်္ဘောအုပ်စု ပစ်ခတ်ဖျက်ဆီးခံရပြီးနောက် ဩဂုတ်လ ၉ ရက်နေ့မှာ ဒုတိယအကြိမ်ပြန်တက်လာတဲ့အခါမှာလည်း စစ်သင်္ဘော ၄ စီးလည်း ထပ်မံပစ်ခတ်ခံရပြီး စစ်သင်္ဘော ၃ စီးကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ဖျက်စီးနိုင်ခဲ့တာဖြစ်ပါတယ်။
မန္တလေးဘက်ကနေ ဆန်တက်လာတဲ့ စစ်သင်္ဘောတွေဟာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အဓိက ထိန်းချုပ်ထားတဲ့ ကသာ၊ ရွှေကူ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ပစ်ခတ်ခံနေရတာဖြစ်ပြီး တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။
အခုလို စစ်ရေးပြင်းထန်နေတဲ့အချိန်မှာ ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်မှာမဟုတ်သေးဘူးလို့ နောက်ထပ် ကချင် စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးလည်း ဆက်ပြီးသုံးသပ်ပါတယ်။
“အခုချိန်မှာ စစ်ရေးပြင်းထန်နေတဲ့အချိန်ဖြစ်တဲ့အတွက် တွေ့ဆုံမှုခက်ခဲအုံးမယ်ထင်တယ်။ စစ်တပ်ဘက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်တာတွေလည်း တပြိုင်နက်လုပ်ဆောင်နေတာဖြစ်တယ်။ နေပြည်တော်အထိသွားပြီး တွေ့ဆုံတာတွေက မလုပ်နိုင်သေးဘူးလို့ထင်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC အဖွဲ့က KIO ဘက်ကနေ နေပြည်တော်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လာရောက်တွေ့ဆုံဆွေးနွေးဖို့ စက်တင်ဘာလ ၄ ရက်နေ့ရက်စွဲဖြင့် ကမ်းလှမ်းထားတာလို့ သိရပါတယ်။
KIO ကို စစ်တပ်ဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကစ္စနဲ့ ပတ်သက်ပြီး မကြားမိသေးကြောင်း ငြင်းဆိုထားပါတယ်။
“ကျနော်ကိုယ်တိုင်မကြားမိသေးပါဘူး။ သိလည်းမသိရသေးသလို ညွှန်ကြားပြောဆိုထားတာလည်းမရှိသေးပါဘူး။ ဒါကြောင့် ပြောပြဖို့ မရှိသေးပါဘူး” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
KIO ဟာ ၂၀၁၅ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်တစ်လျှောက်ပါဝင်ခဲ့ပေမယ့် နောက်ဆုံးမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေကို စစ်တပ်က လက် မခံခဲ့တဲ့အတွက် NCA မှာ အပစ်ရပ်လက်မှတ် မထိုးခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။
ယခု စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာလည်း စစ်အာဏာသိမ်းမှုကြောင့် ထွက်ပေါ်လာတဲ့ NUG အပါ တော်လှန်ရေးတပ်ဖွဲ့တွေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်ပါက တွေ့ဆုံဆွေးနွေးမှုဖြစ်ပါက ပါဝင်သွားမယ်လို့ KIO ပြောဆိုထားတာဖြစ်ပါတယ်။
၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီလ ကချင်တော်လှန်ရေးနေ့ ၆၅ နှစ်ပြည့် အခမ်းအနားတစ်ခုမှာ KIO ဒုတိယ ဥက္ကဋ္ဌ ၁ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က KIO တစ်ဖွဲ့တည်း မဟုတ်ဘဲ NUG နဲ့ ပြောဆိုဖို့ ဆန္ဒရှိပါသလားဆိုပြီး နေပြည်တော်အစိုးရကို မေးမြန်းထားတယ်လို့ ပြောဆိုခဲ့ကြောင်း မိန့်ခွန်းမှာ ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်တာအတွင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ KIO ကို ကမ်းလှမ်းလာတဲ့အခြေအနေဟာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။
အာဏာသိမ်း စစ်တပ်အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာ မရှိသေးကြောင်း သိရပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)




