ရွာပေါင်း ၁၈ ရွာ လေကြောင်းဗုံးကြဲခံရ၊ အိမ်ခြေထောင်ချီပျက်စီး
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ်ခြေထောင်ချီ ပျက်စီးသွားပြီလို့ ရွှေကူမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးနဲ့ ဒေသခံတွေက KNG ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကစပြီး စစ်ကောင်စီတပ်တွေက KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ မြေပြင်ထိုးစစ် ဆင်ခဲ့ပေမယ့် KIA ပူးပေါင်းတပ်ရဲ့တိုက်ခိုက်မှုကြောင့် စစ်ကြောင်းတွေ ရွှေကူမြို့ပေါ်ဘက် ပြန်ဆုတ်ခွာသွားရတယ်လို့ သိရပါတယ်။
အဲဒီနောက် ဩဂုတ်လကနေ စက်တင်ဘာ ၁၀ ရက်ကျော်အထိ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတာလို့ သိရပါတယ်။
“လေယာဉ်ကတော့ လာနေတာပဲ နေ့တိုင်းလာတယ်။ တစ်နေ့ကို ဂျက်ဖိုက်တာ နှစ်ကြိမ်ကနေ သုံးကြိမ်အထိ လာတယ်။ ရွှေကူဟိုဘက်ကမ်း ကြဲတယ်၊ ဒီဘက်ကမ်းလည်း ကြဲတယ်။ မြို့အနီးတဝိုက်လည်း ကြဲတယ်။ အိမ်တွေအများစုက ပျက်စီးကုန်ပြီ။ လမ်းကူး၊ မြိုင်သာဆို မကျန်တော့ဘူး။ လေယာဉ်ဗုံးကြဲလို့ ပျက်စီးကုန်ပြီ” လို့ ရွှေကူမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
KNG ကစုစည်းရရှိထားတဲ့ အချက်အလက်တွေအရ ဧရာဝတီမြစ်တစ်ဖက်ကမ်းက သင်းဘောအင်း၊ မိုးစစ်၊ ရေလဲ၊ ပေါက်ကုန်း၊ ဘိုကုန်း၊ ကျောက်တလုံးကျေးရွာတွေအပြင် နောက်ထပ် ရွှေကူမြို့အနီးက ပန်းတင်၊ မြိုင်သာ၊ လမ်းကူးကျေးရွာတွေ၊ ကျွန်းတော်၊ တော်လှန်၊ ငဘတ်ကြီး၊ ငဘတ်ဝ၊ ကျောက်ကြီး၊ ရွှေကူလေးနဲ့ အထက်လေးလမ်းဆုံဘက်က နန်းပေါင်း၊ ဝွဲမ၊ ဇင်းဘုံကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေကတော့ ပျက်စီးကုန်တယ်။ လူနေအိမ်တွေလည်း သိပ်မကျန်ဘူး။ လမ်းကူး၊ မြိုင်သာဘက်ဆို မကျန်သလောက်ပဲ။ ရွာထဲ ပြန်ဝင်ရင်တော့ ပြန်လည်ထူထောင်ရေး မနည်းလုပ်ရဦးမှာ” လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးဆက်ပြောပါတယ်။
လတ်တလော လမ်းကူး၊ မြိုင်သာ၊ ပန်းတင်၊ ဇင်းဘုံ၊ ဝွဲမနဲ့ နန်းပေါင်းကျေးရွာတွေဟာ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားပြီး ကျန်တဲ့ကျေးရွာတွေမှာလည်း အိမ်ခြေ ထက်ဝက်ကျော် ပျက်စီးသွားတယ်လို့ သိရပါတယ်။
စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၁၈ ရွာက အိမ်ခြေထောင်ချီ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ စာသင်ကျောင်းတွေ အများအပြား ပျက်စီးခဲ့သလို ကျွဲ၊ နွားလို အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်နေတဲ့နေရာတွေကိုသာမက တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ဒီနှစ် ဇွန်လကစပြီး ရွှေကူ–ငအိုးကားလမ်းပိုင်းကနေတစ်ဆင့် ထီးချိုင့်နဲ့ တကောင်းဘက်ကနေ စစ်အင်အား အလုံးအရင်းနဲ့ ရွှေကူမြို့ထဲကို ဖြည့်တင်းခဲ့တာလို့ သိရပါတယ်။
ထီးချိုင့်နဲ့ တကောင်းဘက်က ဝင်လာတဲ့ စစ်အင်အားတွေနဲ့ ရွှေကူမြို့မှာ ရှိနေတဲ့ စစ်အင်အားတွေ ပေါင်းပြီး ဇွန်လ ၁၀ ရက်ကျော်ကစကာ ရွှေကူမြို့နယ်အတွင်း ကျေးရွာတွေဘက်ကို စစ်ကြောင်းလေးကြောင်းနဲ့ စစ်မျက်နှာလေးခု ဖွင့်ပြီး ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် KIA ပူးပေါင်းတပ်တွေက နေရာအနှံ့ကနေ ကြားဖြတ်ဟန့်တားတိုက်ခိုက်တာကြောင့် စစ်ကြောင်းတွေဟာ ဇူလိုင်လအတွင်း ရွှေကူမြို့ပေါ်ကို ပြန်ဆုတ်ခွာသွားပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်လာတာလို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ဩဂုတ်လကုန်ပိုင်းကစပြီး ရွှေကူနဲ့ လက်ရှိစစ်ရေးတင်းမာနေတဲ့ ဗန်းမော်ဘက်ကို စစ်အင်အားဖြည့်ဖို့ မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ စစရေ၁၄ စီးနဲ့ အင်အားဖြည့်တင်းလာတာပါ။
သို့သော် KIA ပူးပေါင်းတပ်တွေက ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ စစ်ကြောင်းလိုက် လက်နက်ချဖမ်းဆီးခံရတာ၊ စစ်သင်္ဘောတွေ ထိခိုက်ပျက်စီးတာတွေ ကြုံနေရတယ်လို့ သိရပါတယ်။
လက်ရှိ ရွှေကူမြို့နယ်မှာ ရွှေကူမြို့ပေါ်တစ်ခုတည်းကိုသာ စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး ကျေးရွာအများစုကို KIA ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာလည်း ရွှေကူမြို့နယ်အတွင်းက စီသာ၊ စီသောင်၊ မံနား၊ မံခါး၊ ငှက်တံတား၊ နန့်လန်၊ နောင်လတ်ကြီး၊ စီမှူလေး၊ စီမူကြီး၊ မံဝင်း၊ ဝင်ဝ စတဲ့ ကျေးရွာတွေအပါအဝင် ရွာပေါင်း ၃၀ နီးပါးကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
By – Zaw Zaw




