မန္တလေး–မြစ်ကြီးနား ခရီးစဉ် တစ်ပတ်နီးပါးကြာ၊ကသာမှာ ဇက်ကူးပြီး သွားလာနေရ
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ မန္တလေးကို ဆက်သွယ်ထားတဲ့ အဓိကလမ်းပိုင်းမှာ လက်ရှိအချိန်ထိ သွားလာရေး အခက်အခဲတွေ ရှိနေသေးတာကြောင့် ခရီးသည်တင်ကားတွေဟာ လမ်းကြောင်းပြောင်းပြီး ကသာမြို့ဘက်ကို ဇက်ကူးကာ သွားလာနေရတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။
မန္တလေးဘက်ကနေ တက်လာတဲ့ကားတွေဟာ အရင်လို ထီးချိုင့်တံတားဘက်ကို မဖြတ်တော့ဘဲ ရွှေကူဘက်လမ်းကြောင်းကို အသုံးပြုပြီး ရွှေကူမရောက်ခင် ငအိုးအနီးမှာရှိတဲ့ ဒုံးအောဆိပ်ကမ်းကနေ ကသာမြို့ဘက်ကို ဇက်ကူးနေကြတာပါ။
ကသာကိုရောက်သွားရင်တော့ ကသာ–နဘား–ပင်ဝဲ–စီပန်း–မော်လူး ဗျူဟာလမ်းပိုင်းကနေ မြစ်ကြီးနားဘက်ကို ဆက်သွားနိုင် ပါတယ်။
“ငအိုး ဒုံးအောဆိပ်ကမ်းကနေ ကသာကိုကူးတာပေါ့နော်။ အခုက မန္တလေးကနေ ထီးချိုင့်တံတားကို မဖြတ်တော့ဘူး။ ရွှေကူဘက် လမ်းပေါ့။ ရွှေကူမရောက်ခင် ငအိုးမှာကူးကြတာပေါ့။ ကသာကိုတိုက်ရိုက်ရောက်တဲ့ ဒုံးအောဆိုတဲ့ဆိပ်ကမ်းကနေပဲ သွားနေကြတာ”လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
ဒါပေမယ့် ဒီလမ်းကြောင်းက အရင်က မန္တလေး–မြစ်ကြီးနား တိုက်ရိုက်ပြေးဆွဲတဲ့ကားတွေ အသုံးများတဲ့လမ်းကြောင်းမဟုတ်ဘဲ ဇက်ကူးဖို့ စောင့်ရတာကြောင့် ခရီးချိန်လည်း ပိုကြာလာပါတယ်။
ကားဆရာတစ်ဦးရဲ့ ပြောပြချက်အရ ဇက်ကူးဖို့ နှစ်ရက်လောက် စောင့်ရတဲ့အချိန်တွေလည်းရှိတာကြောင့် မန္တလေးကနေ မြစ်ကြီးနားအထိ ခရီးစဉ်တစ်ခုလုံးဟာ ၅ ရက်ကနေ တစ်ပတ်လောက်အထိ ကြာတတ်တယ်လို့ ဆိုပါတယ်။
“ဒီဒုံးအောလမ်းကနေတော့ မန္တလေး–မြစ်ကြီးနားတိုက်ရိုက်ကားတွေက မသုံးဖူးဘူးလေ။ ခရီးစဉ်ကတော့ ဇက်ကူးရတဲ့အခါလည်း စောင့်ရတယ်။ ၂ ရက်လောက်စောင့်ရတော့ ခရီးစဉ်က ၅ ရက်၊ တစ်ပတ်လောက် ကြာတတ်တယ်”လို့ သူက ပြောပါတယ်။
ကုန်တင်ကားတွေအတွက်တော့ ဒီလမ်းကြောင်းကို အသုံးပြုဖို့ ပိုပြီးအခက်အခဲရှိနေပါတယ်။
လက်ရှိ ဇက်က ၆ ဘီးကားလောက်ကိုသာ ကူးပေးနိုင်ပြီး ၁၂ ဘီးကားနဲ့ တွဲဘီးကားတွေကတော့ ဇက်ကူးလို့မရတာကြောင့် မန္တလေး–မြစ်ကြီးနား အဓိကလမ်းပိုင်းကို အသုံးပြုပြီး ကုန်တင်သွားလာဖို့ မဖြစ်နိုင်သေးဘူးလို့ ကားဆရာက ပြောပါတယ်။
တစ်ဖက်မှာလည်း မန္တလေး–မြစ်ကြီးနားလမ်းပိုင်းက အင်းတော်ကွင်းလမ်းဘက်မှာ လမ်းကြောင်းတွေကို တစ်ရွာချင်းစီအလိုက် ပိတ်ထားတာတွေရှိနေပြီး အချို့နေရာတွေမှာသာ ဖြည်းဖြည်းချင်း ပြန်လွှတ်ပေးနေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မန္တလေးကနေ မြစ်ကြီးနားဘက်ကို သွားလာမယ့် ခရီးသည်တင်ကားတွေဟာ ငအိုးအနီး ဒုံးအောဆိပ်ကမ်းကနေ ကသာကို ဇက်ကူးပြီး ကသာ–နဘား–ပင်ဝဲ–စီပိန်း–မော်လူး လမ်းကြောင်းကနေ ဆက်သွားနေကြရတာဖြစ်ပါတယ်။
မန္တလေးကနေ မြစ်ကြီးနားကို သွားလာရာမှာ အဓိကအားဖြင့် အရှေ့လမ်းပိုင်းနဲ့ အနောက်လမ်းပိုင်းဆိုပြီး လမ်းကြောင်း ၂ ခုကို အသုံးပြုကြပါတယ်။
အဓိကအားဖြင့် အနောက်လမ်းပိုင်းဖြစ်တဲ့ မန္တလေး–စစ်ကိုင်း–ရွှေဘိုဘက်ကနေ အင်းတော်၊ မော်လူးဘက် လမ်းပိုင်းကနေ မန္တလေး–မြစ်ကြီးနားခရီးစဥ်အတွက်အသုံးပြုကြတာဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၂၃ ခုနှစ်နောက်ပိုင်းကစပြီး ဒီလမ်းကြောင်းတစ်လျှောက်မှာ တိုက်ပွဲတွေဖြစ်ပွားတာ၊ စစ်ရေးအခြေအနေကြောင့် လမ်းပိတ်တာနဲ့ အချို့နေရာတွေမှာ ကွင်းလမ်းတွေကို အသုံးပြုသွားလာရတာတွေ ရှိလာခဲ့ပါတယ်။
ဒါ့ကြောင့် ပြီးခဲ့တဲ့ မေလအစမှာပဲ စစ်တပ်က အရှေ့ဘက်လမ်းပိုင်းကနေရာတချို့ကိုပြန်သိမ်းပြီး မန္တလေး–မတ္တရာ–တကောင်း–ထီးချိုင့်–ကသာ–အင်းတော်–မော်လူးဘက်ကနေ မြစ်ကြီးနားကို ဆက်သွယ်ထားတဲ့လမ်းကြောင်းကိုပြန်ဖွင့်ပေးခဲ့ပါသေးတယ်။
By – အမိုး



