လာမယ့်အပတ် Joshua Van ရဲ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲ လာပြီ

မြန်မာနိုင်ငံဖွား UFC ချန်ပီယံ Joshua Van ရဲ့ နောက်ထပ်ချန်ပီယံခါးပတ်ကာကွယ်ပွဲကိုတော့ ဒီလာမယ့် စက်တင်ဘာ ၁၉ ရက်မှာ ကြည့်ရတော့မှာပါ။

အသက် ၂၄ နှစ်အရွယ် Joshua Van ဟာ မြန်မာနိုင်ငံ ချင်းပြည်နယ် ဟားခါးမြို့ဖွားဖြစ်ပြီး လက်ရှိ UFC ရဲ့ Flyweight ချန်ပီယံ အဖြစ်ရပ်တည်နေပါတယ်။ UFC ရဲ့ အချက်အလက်တွေအရ Van ဟာ UFC မှာ ယှဉ်ပြိုင်တဲ့ ပထမဆုံး မြန်မာနိုင်ငံဖွား ကစားသမားလည်း ဖြစ်ပါတယ်။

အခုတစ်ကြိမ်မှာတော့ သူ့ဆီက ချန်ပီယံခါးပတ်ကို ပြန်ယူဖို့ ကြိုးစားလာမယ့် ယခင်ချန်ပီယံဟောင်း Alexandre Pantoja နဲ့ ထပ်မံရင်ဆိုင်ရမှာပါ။

မြန်မာစံတော်ချိန် ဒီလာမယ့်အပတ် တနင်္ဂနွေနေ့မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာတော့ Los Angeles မြို့မှာ Joshua Van နဲ့ Alexandre Pantoja တို့ Flyweight ချန်ပီယံခါးပတ်အတွက် ထပ်မံထိုးသတ်သွားကြမှာဖြစ်ပါတယ်။

UFC ရဲ့ အစီအစဉ်အရ Main Card ကို အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ည ၉ နာရီမှာ စတင်မှာဖြစ်လို့ မြန်မာစံတော်ချိန်နဲ့ဆို စက်တင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်မှာ Joshua Van ပွဲကို ကြည့်ရှုရမှာပါ။

ဒီပွဲအပေါ် မြန်မာ UFC ပရိသတ်တွေကြားမှာလည်း စိတ်ဝင်စားမှုရှိနေပြီး Joshua Van ရဲ့ ကစားပုံနဲ့ အနိုင်ရနိုင်ခြေအပေါ် ခန့်မှန်းမှုတွေ ရှိနေပါတယ်။

တိုက်ခိုက်ရေးအားကစားနဲ့ နှစ်ရှည်ရင်းနှီးပြီး Boxing အားကစားကို ကိုယ်တိုင်လည်း ကစားခဲ့ဖူးတဲ့ အသက် ၇၀ အရွယ် UFC ပရိသတ်တစ်ဦးကကမ္ဘာမှာအကောင်းဆုံးပွဲတွေထဲက တစ်ပွဲပဲ။ ကောင်းတာကနှစ်ယောက်လုံးကကောင်းတယ်။ ဒါပေမဲ့ Van က ငယ်တော့ ပိုအားသာတယ်။ ဘယ်လောကမှာမဆို သက်လုံကစကားပြောတယ်။ တိုက်ခိုက်ရေးအားကစားဆိုတော့ပိုဆိုးတာပေါ့။ ပညာတွေကရှိပြီးသားပေါ့လေ။လို့ပြောပါတယ်။

ဒါ့အပြင် အဆိုပါပရိသတ်ကဆက်ပြီးတော့ Joshua Van ဟာ မေလက ဂျပန်ကစားသမား Tatsuro Taira နဲ့ ထိုးသတ်ခဲ့တဲ့ပွဲမှာ ပြသခဲ့တဲ့ ကစားပုံကိုလည်း အားသာချက်တစ်ခုအဖြစ် မြင်ကြောင်းဆက်ပြောပါတယ်။

“Joshua Van ပဲနိုင်မှာပါ။ ဘာ့ကြောင့်လဲဆိုရင် ဂျပန်ဖိုက်တာနဲ့ပွဲတုန်းကကြည့်လိုက်လေ။ ဂျပန်ဖိုက်တာကလည်း တော်တော် ကောင်းတာပေါ့။ Van က သူ့ကိုလည်ပင်းကိုချုပ်ပြီးပြီလေ ဒါကို ရုံးထွက်သွားတာ။ အဲ့ပညာကပေါ့သေးသေးမှမဟုတ်ပဲနဲ့။ ဂျပန်ဖိုက်တာကလည်း ရှုံးပွဲမရှိလေ။ အကုန်လုံးကိုချုပ်ကွက်နဲ့ပဲလေ။ ဒါပေမဲ့ Van ကို လုံးဝချုပ်လို့မှမရပဲ။

ဒီနှစ်ယောက်ရဲ့ ပထမအကြိမ်တွေ့ဆုံမှုကတော့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ UFC 323 မှာ ဖြစ်ခဲ့တာပါ။ အဲ့ဒီပွဲမှာ Pantoja က ပထမအချီ ၂၆ စက္ကန့်မှာတင် တံတောင်ဆစ်ဒဏ်ရာရသွားတာကြောင့် ဆက်ပြီးမထိုးနိုင်တော့ဘဲ Joshua Van က TKO နဲ့ အနိုင်ရပြီး Flyweight ချန်ပီယံဖြစ်လာခဲ့တာပါ။

ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ ပထမပွဲလို အချိန်တိုအတွင်း ပြီးဆုံးသွားမလား၊ ဒါမှမဟုတ် နှစ်ဦးသား အပြည့်အဝယှဉ်ပြိုင် ရမလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

ချန်ပီယံဖြစ်လာပြီးနောက် Joshua Van ကတော့ မေလက UFC 328 မှာ Tatsuro Taira ကို နောက်ဆုံးအချီဖြစ်တဲ့ ၅ ချီမြောက်မှာ TKO နဲ့ အနိုင်ရပြီး ချန်ပီယံခါးပတ်ကို တစ်ကြိမ်ကာကွယ်ထားပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံဖွား Joshua Van အနေနဲ့ ဒီတစ်ကြိမ်မှာလည်း ချန်ပီယံခါးပတ်ကို ဆက်ပြီးထိန်းသိမ်းနိုင်မလား၊ ဒါမှမဟုတ် Pantoja က ခါးပတ်ကို ပြန်ယူသွားနိုင်မလားဆိုတာကတော့ စက်တင်ဘာ ၁၉ ရက်မှာ ကြည့်ရှုရတော့မှာဖြစ်ပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button