ကောင်ရာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် မိသားစုဝင် ၂ ဦး ကျန်းမာရေးစိုးရိမ်ရ
ကချင်ပြည်နယ်၊တနိုင်းမြို့အဝင် လီဒိုလမ်းမပေါ်က နောင်းလုံ ကောင်ရာကျေးရွာမှာ အစည်းအဝေးလုပ်နေချိန် မင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က နေအိမ်အထိ ဝင်ရောက်လာပြီး အုပ်ချုပ်ရေးမှူးကို ပစ်သတ်သွားတဲ့ဖြစ်စဉ်ဟာ ရက်ပိုင်းအတွင်းမှာပဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်ကြောင့် ပစ်သတ်ခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှူးရဲ့ မိခင်နဲ့ အမျိုးသမီးဖြစ်သူတို့ဟာ လက်ရှိမှာ မေ့လဲသွားတာတွေ ခဏခဏဖြစ်နေပြီး ကျန်းမာရေးအခြေအနေ စိုးရိမ်ရတဲ့အထိ ဖြစ်နေတယ်လို့ ကောင်ရာကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
“အခု အုပ်ချုပ်ရေးမှူးဖြစ်တဲ့ အိမ်ရှင်အမျိုးသား ပစ်သတ်ခံလိုက်ရလို့ သူ့အမေနဲ့ အမျိုးသမီးဖြစ်သူက မေ့လဲသွားတာတွေ ခဏခဏဖြစ်နေတယ်။ တစ်မိသားစုလုံးက ဝမ်းနည်းကြေကွဲနေတဲ့အချိန်ဖြစ်နေတယ်။ ရွာကလူတွေက အနီးကပ်စောင့်ကြည့်ပြီး နှစ်သိမ့်ပေးတာတွေတော့ လုပ်ပေးနေရတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ အုပ်ချုပ်ရေးမှူးရဲ့ မိခင်နဲ့ အမျိုးသမီးဖြစ်သူတို့ နာမကျန်းဖြစ်နေပြီး ကျန်းမာရေးကူညီစောင့်ရှောက်ပေးဖို့ အကူအညီတွေလည်း လိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
ကောင်ရာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံလိုက်ရတဲ့ဖြစ်စဉ်ကြောင့် တစ်ရွာလုံးနီးပါး ကြောက်လန့်နေကြပြီး ပြည်သူတွေဟာ အပြင်မထွက်ဘဲ နေအိမ်တွေမှာ စိုးရိမ်စိတ်နဲ့ နေထိုင်နေကြရတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ဟာ စက်တင်ဘာ ၁၃ ရက်နေ့က အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်မှာ KIO ဘက်က အရာရှိတချို့ပါဝင်ပြီး အစည်းအဝေးလုပ်နေချိန် ဂျမ်ဘိုတောင် (Jam Bu Kadawng) တိန်းကောက်ကျေးရွာမှာ တပ်စွဲထားတဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ချက်ချင်းရောက်လာပြီး ပစ်သတ်မှုကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်ကို သိရှိတဲ့ ကောင်ရာဒေသခံ အမျိုးသားတစ်ဦးက “KIO ဘက်က အရာရှိတစ်ဦးလည်းပါတယ်။ အုပ်ချုပ်ရေးမှူးရဲ့အိမ်မှာ ရွာသားတွေကို အစည်းအဝေးခေါ်လုပ်ကြတယ်။ အစည်းအဝေးဆိုတော့ ရွာထဲက လိုအပ်ချက်တွေအကုန်ပါပြီလေ။ အဲဒါကို အစည်းအဝေးခေါ်လုပ်နေတဲ့အချိန်မှာပဲ တိန်းကောက်မှာ တပ်စွဲထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေက ချက်ချင်းရောက်လာပြီး အိမ်ရှင်အုပ်ချုပ်ရေးမှူးကို အိမ်ထဲမှာတင် ပစ်သတ်သွားတယ်။ ပြီးရင် KIO အရာရှိကိုတော့ ဖမ်းဆီးသွားတယ်” လို့ ပြောပါတယ်။
ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေဟာ အစည်းအဝေးလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ကို Crown ကားတစ်စီးနဲ့ ချက်ချင်းရောက်လာပြီး အုပ်ချုပ်ရေးမှူးကို နေအိမ်မှာတင် သေနတ်နဲ့ ပစ်သတ်လိုက်တာ ဖြစ်ပါတယ်။
ပြည်သူ့စစ်အဖွဲ့က ပစ်သတ်လိုက်တဲ့ ကောင်ရာအုပ်ချုပ်ရေးမှူးဟာ အသက် ၅၉ နှစ်အရွယ် ဦးဘောမ့်ယော်ဆိုသူဖြစ်ပြီး နဖူးတည့်တည့်ကို ကျည်ဆန်ထိမှန်ကာ နေအိမ်မှာတင် ပွဲချင်းပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်မှာ အစည်းအဝေးလာလုပ်တဲ့ KIO အရာရှိနှစ်ဦးထဲက တစ်ဦးက လွတ်မြောက်သွားပြီး တစ်ဦးကိုတော့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသွားတယ်လို့ ကောင်ရာဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ KIO အရာရှိတစ်ဦးဟာ ကိုယ်လွတ်ထွက်ပြေးနိုင်ခဲ့ပေမယ့် သူ့အမျိုးသမီးနဲ့ ကလေးကို ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးပြီး ရိုက်နှက်နှိပ်စက်တာတွေ လုပ်လာတာကြောင့် ပြန်ပြီး အဖမ်းခံလိုက်ရတာ ဖြစ်တယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ နောက်ထပ်အမျိုးသားတစ်ဦးက ပြောပါတယ်။
“ဖမ်းဆီးခံရတဲ့ အရာရှိ ထိန်နန်ဇော်ဆိုသူက တနိုင်းဘက်မှာ တာဝန်ကျတဲ့ အရာရှိတစ်ယောက်ဖြစ်တယ်။ ကောင်ရာမှာပဲ အမျိုးသမီးနဲ့ ကလေးက လာတွေ့ကြတာလို့ ကြားတယ်။ ပြည်သူ့စစ်အဖွဲ့တွေ လာဝိုင်းပစ်တော့ သူက လွတ်သွားတယ်။ ဒါပေမယ့် အမျိုးသမီးနဲ့ ကလေးကို ဖမ်းထားပြီး အရမ်းနှိပ်စက်လာတော့ သူကိုယ်တိုင် ဖမ်းဆီးခံလိုက်ရတဲ့သဘောဟုတ်တယ်” လို့ ပြောပါတယ်။
အဲဒီ KIO အရာရှိနှစ်ဦးထဲက ဦးထိန်နန်ဇော်ဆိုသူက ပြည်သူ့စစ်လက်အောက်မှာ ဖမ်းဆီးခံလိုက်ရပြီး ရှာကမ်လွမ်းခေါင်ဆိုသူက လွတ်မြောက်သွားတယ်လို့ ကောင်ရာဒေသခံတွေက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်မှာ အစည်းအဝေးလုပ်နေတယ်ဆိုတာကို ပြည်သူ့စစ်အဖွဲ့က သတင်းရရှိသွားတာကြောင့် နေအိမ်အထိ ရောက်လာပြီး အိမ်ရှင်ဖြစ်တဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း KIO တပ်မဟာ (၂) လက်အောက်ခံ KIO အရာရှိတစ်ဦးက မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ထံ ဝင်ရောက်သွားပြီးနောက် သတင်းရရှိသွားတာကြောင့် ဖြစ်နိုင်တယ်လို့ KNG ကို သုံးသပ်ပြောဆိုထားပါတယ်။
တနိုင်းသွား လီဒိုလမ်းမပေါ်မှာ စစ်အာဏာသိမ်းပြီးနောက် ကြီးစိုးလာတဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ ဖြစ်စဉ်တွေ ခပ်စိပ်စိပ် များလာတာကြောင့် ဒေသအတွင်းနေထိုင်တဲ့ ပြည်သူတွေဟာ အသက်အန္တရာယ် မလုံခြုံတော့တဲ့ အခြေအနေကို ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်နေ့ကလည်း တနိုင်းလီဒိုလမ်းမပေါ်က နောင်မီဒေသခံ အမျိုးသား ၄ ဦးကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အခုလို အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီး၊ သတ်ဖြတ်မှုတွေ များလာတဲ့အတွက် တနိုင်းလီဒိုလမ်းမပေါ်က လက်ရှိဒေသအခြေအနေကို အထက်ပါ အမျိုးသားက ဆက်ပြီး ပြောပြပါတယ်။
“နိုင်ငံ့တာဝန်ထမ်းဆောင်နေတဲ့သူတွေကတော့ သူတို့ သတိထားပြီး သွားလာနေကြတယ်ဆိုပေမယ့် သူ့နည်းသူ့ဟန်နဲ့ သွားလာနေကြတာပဲ။ ဒါပေမယ့် ကျနော်တို့ ဒေသခံပြည်သူတွေကြတော့ သွားရေးလာရေး အရမ်းစိုးရိမ်ရတယ်။ ရွာထဲမှာလည်း အရင်ကလို လွတ်လွတ်လပ်လပ် နေထိုင်ဖို့ အရမ်းခက်ခဲသွားပြီ။ ရွာထဲကနေ ထွက်သွား၊ ထွက်လာဖို့က မလွယ်တော့ဘူး။ ကြာလာတော့ လုပ်ကိုင်စားသောက်တဲ့နေရာမှာ ပိုပိုပြီး ခက်ခဲလာတယ်။ ဒါက ဒေသအတွင်းမှာ တကယ်လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲဖြစ်ပါတယ်” လို့ ပြောပါတယ်။
နောင်မီဒေသခံ ၄ ဦး သတ်ဖြတ်ခံလိုက်ရတဲ့ ဖြစ်စဉ် တစ်လမပြည့်သေးခင်မှာပဲ ကောင်ရာကျေးရွာ အုပ်ချုပ်ရေးမှူး ထပ်မံ ပစ်သတ်ခံလိုက်ရတာ ဖြစ်ပါတယ်။
ကောင်ရာနဲ့ နောင်မီကျေးရွာနှစ်ခုဟာ တနိုင်းသွား လီဒိုလမ်းမပေါ်မှာ တည်ရှိတဲ့ ကျေးရွာတွေဖြစ်ပြီး ကောင်ရာကျေးရွာက တနိုင်းမြို့အဝင်ပေါက်မှာ တည်ရှိတဲ့ ကျေးရွာတစ်ခု ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မင်းဇေသန့် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေက တနိုင်းလီဒိုလမ်းပေါ်က လဝါး၊ ဒွမ်ဘုန်း၊ ဒွမ်ဘန်၊ နောင်းမီ၊ ဝါရာဇွပ်၊ ဘန်ကောက်၊ အောင်ရာ၊ စံပြ၊ ရှဒူးဇွပ်၊ တိန်းကောက်၊ ကောင်ရာ စတဲ့ ကျေးရွာတွေဘက်အထိ စစ်အင်အားတိုးချဲ့ပြီး နယ်မြေစိုးမိုးလာခဲ့တာ ဖြစ်ပါတယ်။
ဒီလို အင်အားကြီးလာတာနဲ့အတူ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ၊ ပစ်သတ်တာတွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာရောက်ပါတယ်။
အရပ်သားတွေနဲ့ စစ်ရေးပစ်မှတ်တွေကို ခွဲခြားထားခြင်းမရှိဘဲ တိုက်ခိုက်တာတွေဟာ စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ခံရနိုင်ပါတယ်။
By – နော်ထွယ့်




