KIO အရာရှိ ၁၃ ဦး ပြစ်ဒဏ်စေ့ပြီ ပြန်လွတ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ Happy KTV မှာ ဖမ်းဆီးခံခဲ့ရတဲ့ KIO အရာရှိ ၁၃ ဦးဟာ ပြစ်ဒဏ်ကျခံပြီးနောက် စက်တင်ဘာ ၁၆ ရက်နေ့မှာ မြစ်ကြီးနားအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီလို့ KIO နဲ့နီးစပ်သူတွေထံက သိရပါတယ်။

လွတ်မြောက်လာတဲ့ KIO အရာရှိ ၁၃ ဦးကို ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) က မနေ့က မနက် ၁၀ နာရီဝန်းကျင်မှာ မြစ်ကြီးနားအကျဉ်းထောင်ကို သွားရောက်ကြိုခဲ့တယ်လို့ သိရပါတယ်။

“Happy KTV မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဆလန်ကဘာ(KIO အရာရှိ)အဖွဲ့တွေ မြစ်ကြီးနား ဇီးလွန်ထောင်ကနေ လွတ်မြောက် ထွက်လာကြပြီ။ PCG က ဆရာလမိုင်ဂွမ်ဂျာ သွားရောက်ခေါ်ယူခဲ့ပြီ။ မနေ့က ၁၀ နာရီလောက်မှာဟုတ်တယ်။”လို့ လွတ်မြောက်လာတဲ့အခြေအနေကို သိရှိသူ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

အဲဒီ  KIO အရာရှိ ၁၃ ဦးကတော့ ဦးနော်ဘန့်၊ ဦးဆွမ်လွတ်တူးရှမ်၊ ဦးမုန်ဒန့်၊ ဦးမုန်ရာ၊ ဦးဘရန့်ခွမ်၊ ဦးနော်လီ၊ ဦးခေါယိန်း၊ ဦးခွန်းအောင်၊ ဦးလအောင်၊ ဦးအောင်ဂမ်၊ ဦးနော်အောန်၊ ဦးဘောမ့်ချမ်းနဲ့ ဦးအောင်ပြည့်စုံတို့ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ရွှေလမ်းမပေါ်ရှိ Happy KTV ဆိုင်မှာ ရှိနေချိန် ဝင်ရောက်ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီးနောက် အဲဒီ KIO အရာရှိတွေကို မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ကို ခေါ်ဆောင်သွားပြီး တစ်လဝန်းကျင် စစ်ကြောရေးလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောရေးပြီးနောက် မြစ်ကြီးနားအကျဉ်းထောင်ကို ပို့ဆောင်ခံရပြီး မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇() နဲ့ တရားစွဲဆိုခံရကာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အခုလို ထောင်ဒဏ်ကျခံရပြီး ၃ နှစ်ကျော်အကြာ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ပြစ်ဒဏ်ကုန်ဆုံးတာကြောင့် စက်တင်ဘာ ၁၆ ရက်နေ့မှာ အားလုံး ပြန်လည်လွတ်မြောက်လာတာလို့ သိရပါတယ်။

KIO အရာရှိတွေဟာ မြစ်ကြီးနားမြို့ပေါ်နဲ့ တခြားမြို့နယ်တွေမှာ ဖမ်းဆီးခံရမှုတွေ နှစ်စဉ်ရှိနေပြီး လူသိရှင်ကြား ဖမ်းဆီးခံရသူတွေထဲမှာ တရားဥပဒေအရ အရေးယူခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူတွေ ရှိသလို လူသူမသိဘဲ ဖမ်းဆီးခံရသူတွေကတော့ နောက်ပိုင်း ဘာဖြစ်သွားတယ်ဆိုတာ မသိရတဲ့အခြေအနေတွေ ရှိတယ်လို့ KIO အရာရှိတစ်ဦးက KNG ကို ပြောပါတယ်။

အခုလို ပြန်လွတ်လာတာတွေ အရင်ကလည်း ရှိတော့ရှိတယ်။ အဓိက မြို့ပေါ်တွေမှာ အများပြည်သူသိရှိသွားတဲ့ ဖမ်းဆီးမှု၊ လူသိရှင်ကြား ဖမ်းခံသွားရသူတွေ အများပိုင်းကိုတော့ ပြန်လွတ်တာတွေရှိတယ်။ လူတွေဆီ သိသွားရင်တော့ သက်ဆိုင်ရာ အက်ဥပဒေနဲ့ အရေးယူပြီး ပြန်လွတ်ပေမယ့် လူသူမသိ ဖမ်းဆီးခံခဲ့ရတဲ့ အရာရှိတွေတော့ စုံစမ်းနိုင်ဖို့ အစအနတောင်ပျောက်တယ်။ လူသူမသိဘဲ ဖမ်းခံရတဲ့သူတွေကတော့ လွတ်မြောက်လမ်းမရှိဘူး လို့  KIO အရာရှိတစ်ဦးက ပြောပါတယ်။

KIO အရာရှိတွေအပြင် KIO/KIA နဲ့ ဆက်နွယ်တယ်လို့ စွပ်စွဲခံရတဲ့ ဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးရာမှာလည်း လူသိရှင်ကြား ဖမ်းဆီးခံရသူတွေ ပြန်လွတ်လာတာတွေ ရှိပေမယ့် လူသူမသိဘဲ ဖမ်းဆီးခံရသူတွေကတော့ နောက်ပိုင်း အစအနပျောက်သွားတာတွေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

မြစ်ကြီးနားမြို့ပေါ်မှာ KIO အရာရှိတွေ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေထဲမှာ တပ်ကုန်းရပ်ကွက် Happy KTV မှာ ဖမ်းဆီးခံရမှုဟာ လူအများဆုံး ပါဝင်တဲ့ ဖြစ်စဉ်တွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။

KIO အရာရှိတစ်ဦးရဲ့ ပြောပြချက်အရ မြို့ပေါ်မှာ KIO အရာရှိတွေ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်အများစုဟာ သတင်းပေးမှုတွေကြောင့် ဖြစ်တာများပြီး ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သတင်းပေးသူတွေကြောင့် ဖမ်းဆီးခံရတာတွေ ရှိတယ်လို့ ဆိုပါတယ်။

အဓိကတော့ ညွှန်ကြားချက်အတိုင်း သေချာမလိုက်နာတာ၊ သတိဝီရိယအားနည်းလို့လည်း ဖြစ်တာ။ တချို့ကတော့ သတင်းပေးသူရှိလို့ ဖမ်းခံရတာ။ အဓိကတော့ ကိုယ့်အိတ်ထောင်ထဲက ရန်သူ၊ ကိုယ့်အနီးပတ်ဝန်းကျင်က သတင်းပေးလို့ ဖမ်းခံရမှုတွေ ဖြစ်တယ်။ သက်ဆိုင်ရာ KIO အစိုးရကလည်း အရာရှိတွေကို သေချာညွှန်ကြားချက် ထားပြီးသား။ ဒီထဲမှာ တချို့က လိုက်နာမှုအားနည်း၊ သတိဝီရိယမရှိလို့ ဖမ်းခံရသူတွေ ရှိတယ်လို့ အဲဒီ KIO အရာရှိက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း မြစ်ကြီးနားမြို့ပေါ်ရှိ တည်းခိုခန်း၊ KTV Bar နဲ့ နေရာတချို့မှာ KIO အရာရှိတွေ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေ များခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ စံပြလမ်းမှာ ဆိုင်ကယ်စီးလာတဲ့ KIO အရာရှိ ၂ ဦးဖြစ်တဲ့ ဆလန်ကဘာ လထော်ဇော်ဆိုင်းအောင်နဲ့ ဆလန်ကဘာ ငလန်လောဒ်ရိန်တို့ကို စစ်ကောင်စီတပ်က အိမ်စီးကားနဲ့ သေနတ်လိုက်ပစ်ပြီး ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုးကောင်းမြို့နယ် လဝါးဂိတ်မှာ အထိုင်ချထားတဲ့ ဝါရာဇွပ်ပြည်သူ့စစ်ဂိတ်မှာလည်း KIO KIA အရာရှိတွေနဲ့ KIO/KIA နဲ့ ဆက်စပ်တယ်လို့ ယူဆခံရသူတွေကို ပုံမှန် စစ်ဆေးဖမ်းဆီးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂၊ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေမှာ KIO အစိုးရက လိုင်ဇာ၊ မိုင်ဂျာယန်နဲ့ ဖားကန့်ဒေသတွေမှာ ဖွင့်လှစ်ထားတဲ့ KTV ဆိုင်တွေကို ပိတ်သိမ်းဖို့ အမိန့်ထုတ်ခဲ့ပြီး KIO ထိန်းချုပ်နယ်မြေအတွင်း KTV ဆိုင်တွေကို ဒီနေ့ထိ ပိတ်သိမ်းခိုင်းထားတာလည်း ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button