ရေယာဉ် ၁၈ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ KIA ပြော

မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ် ဗန်းမော်ဘက်ကို ဆန်တက်လာတဲ့ စစ်တပ်ရဲ့ ရေယာဉ်အုပ်စုတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက မြစ်ကြောင်းတစ်လျှောက် ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ရေယာဉ် ၁၈ စီးခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ KIA ဘက်က ပြောပါတယ်။

ကျနော်တို့ နောက်ဆုံးရတဲ့သတင်းကတော့ ၁၈ စီးလို့သတင်းရပါတယ်။ ကျနော်ခဏခဏပြောတယ်။ အားလုံးကိုလည်း ကျနော် comfirm လုပ်ပေးပါလို့ ရှေ့တန်းသမားတွေကိုလည်းပြောတယ်။ “လို့ KIO/ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကအတည်ပြုပါတယ်။ 

 အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ဩဂုတ်လကုန်ပိုင်းကစပြီး  မန္တလေးကနေ ကချင်ဘက်ကို စစ်ရေယာဉ်နဲ့ စစ်လက်နက်ရိက္ခာတွေကို  ဆက်တိုက်ပို့နေခဲ့တာဖြစ်ပါတယ်။ 

ဒီရေယာဉ်တွေကို KIA ပူးပေါင်းတပ်က ဆက်တိုက်တိုက်ခိုက်တာကြောင့် တချို့ရေယာဉ်တွေ မီးလောင်ပျက်စီးတာ၊ နစ်မြုပ်တာ တွေနဲ့အတူ တချို့ရေယာဉ်တွေကတော့ ဗန်းမော်အထိ ရောက်ရှိသွားတာတွေ ရှိခဲ့ပါတယ်။

ပထမအကြိမ် ရေကြောင်းစစ်ကြောင်းဟာ ဩဂုတ်လ ၂၁ ရက်မှာ မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ စတင်ထွက်ခွာခဲ့ပြီး သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာနဲ့ ရွှေကူဘက်ကို ဖြတ်သန်းပြီး ဩဂုတ်လ ၂၈ ရက်မှာ ရွှေကူကို ရောက်ရှိခဲ့ပါတယ်။

အဲဒီရေကြောင်းစစ်ကြောင်းမှာ စစ်သင်္ဘောတွေအပြင် တွန်းသင်္ဘော၊ တွဲသင်္ဘောနဲ့ ကုန်တင်ရေယာဉ်တွေ ပါဝင်ခဲ့ပါတယ်။

ကသာနဲ့ ရွှေကူကြားမှာ KIA နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ရေယာဉ်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး နောက်ပိုင်း ရွှေကူကနေဗန်းမော်ဘက်ကို ဆက်တက်လာတဲ့ ရေယာဉ်တချို့လည်း စင်းခန်းတံတားအနီးမှာ တိုက်ခိုက်ခံခဲ့ရပါတယ်။

တချို့ရေယာဉ်တွေ မီးလောင်ပျက်စီးခဲ့ပေမယ့် ပထမအကြိမ် ရေကြောင်းစစ်ကြောင်းထဲက ရေယာဉ် ၇ စီးခန့်ဟာ ဗန်းမော်ဘက် ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနောက် စက်တင်ဘာ ၄ ရက်မှာ မန္တလေး ဂေါဝန်နဲ့ ပြည်ပြင်ဆိပ်ကမ်းဘက်ကနေ ဒုတိယအကြိမ် ရေကြောင်းစစ်ကြောင်း ထပ်မံထွက်ခွာလာပါတယ်။

ဒီတစ်ကြိမ်မှာတော့ ရေယာဉ် ၃၃ စီးခန့် ပါဝင်ပြီး စက်တင်ဘာ ၇ ရက်အထိ ထီးချိုင့်အနီးမှာ ရေယာဉ်အများအပြား ရပ်နားခဲ့ပါတယ်။

အဲဒီထဲက သံခွန်ဖလပ် ရေယာဉ် အစီး ၂၀ ကျော်ဟာ မောင်းကုန်း၊ ဝေမားသကြားစက်ရုံဆိပ်ကမ်းမှာစက်တင်ဘာလ ၁၆ ရက်နေ့အထိ ကျောက်မီးသွေးတွေချနေဆဲလို့ ထီးချိုင့်မြေပြင်သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

တချို့ရေယာဉ်တွေကတော့ စစ်သင်္ဘောတွေနဲ့အတူ ဗန်းမော်ဘက်ကို ဆက်လက်ဆန်တက်ခဲ့ပြီး စက်တင်ဘာလ အတွင်း ရေကြောင်းစစ်ကြောင်းတွေကို နေရာအမျိုးမျိုးမှာ တိုက်ခိုက်မှုတွေကြောင့် ရေယာဉ် ၁၈ စီးခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တစ်ဆက်တည်းမှာပဲ စစ်သင်္ဘောအုပ်စုထဲက ရေယာဥ်အရေအတွက်ကို ခွဲခြားတဲ့အခါ ရေတွက်ပုံကွဲပြားတာတွေကြောင့် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ရေယာဥ်တွေကိုရေတွက်ရာမှာအခက်အခက်တွေရှိတယ်လို့ဆက်ပြောပါတယ်။

ဒါ့အပြင် ထိခိုက်ပျက်စီးနိုင်ခဲ့ပေမဲ့ ပြန်လည်ပြုပြင်ပြီးအသုံးပြုတဲ့ ရေယာဥ်တွေလည်းရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။

အဲ့သင်္ဘောဆိုတဲ့နေရာမှအခက်အခဲရှိတာက တွဲသင်္ဘောတို့၊ တွန်းသင်္ဘောတို့၊ သံခွန်ဖလပ်တို့ သံခွန်ဖလပ်က ပစ္စည်းသယ်တာ သူက တန်ပေါင်းများစွာတင်လာတာ။ သူက သူ့ဘာသာ မောင်းလို့ရတာပေါ့။ ဒါပေမဲ့ ပစ္စည်းတွေ တန်ချိန်တွေများရင်တော့ တွဲရတာတွန်းရတာပေါ့။ တွဲလိုက်၊ တွန်းလိုက် လုပ်တဲ့အခါ အားလုံးပေါင်းသင်္ဘောတစ်စီးဖြစ်သွားတာ။ မတွဲပဲနဲ့ တစ်ခြားစီးမောင်းရင်တော့ စီး စီးပြန်ဖြစ်သွားတာ။ အဲ့ဒီကိစ္စက အတည်ပြုရခက်တာ။လို့ပြောပါတယ်။

ဗိုလ်မှူးကြီး နော်ဘူရဲ့ ပြောဆိုချက်အရ ၁၈ စီးဆိုတဲ့ အရေအတွက်ထဲမှာ စစ်သင်္ဘောတွေအပြင် တွဲသင်္ဘော၊ တွန်းသင်္ဘောနဲ့ သံခွန်ဖလပ် ရေယာဉ်တွေ ပါဝင်ပါတယ်။

ရေယာဉ်တွေဟာ တွဲပြီး ဒါမှမဟုတ် တွန်းပြီး ရွေ့လျားတဲ့အခါ ရေယာဉ်တစ်စီးအဖြစ် မြင်ရနိုင်ပေမယ့် သီးခြားခွဲတွက်တဲ့အခါ အရေအတွက်က ကွာခြားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရင်က တိုက်ခိုက်ခံရပြီး ပြန်လည်ပြင်ဆင်အသုံးပြုတဲ့ ရေယာဉ်တွေကို နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်မိတာ မျိုးလည်း ရှိနိုင်တာကြောင့် ရေယာဉ် ၁၈ စီးဆိုတဲ့ အရေအတွက်ကို ရေယာဉ်တစ်စီးချင်းအလိုက် အတည်ပြုထားတဲ့ စာရင်းအဖြစ် မသတ်မှတ်နိုင်သေးပါဘူး။

လက်ရှိမှာတော့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်ဘက်ကို ဆန်တက်လာတဲ့ ရေယာဉ်တွေနဲ့ ပတ်သက်ပြီး တိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး ရေယာဉ်အမျိုးအစားနဲ့ ရေယာဉ်တွေ တွဲဆွဲ၊ တွန်းရွေ့တဲ့ပုံစံတွေကြောင့် ထိခိုက်ပျက်စီးတဲ့ ရေယာဉ်အရေအတွက် ကို အတိအကျ ခွဲခြားတွက်ချက်ဖို့ အခက်အခဲရှိနေပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button