စင်းခန်းတံတားတစ်ဝှိုက် တိုက်ပွဲအချိန်မရွေးဖြစ်နိုင်၊ ဒေသခံများ နေရပ်စွန့်ခွာနေရ

ကချင်ပြည်နယ် ဗန်းမော်၊ မံစီနဲ့ ဇင်းဘုံ၊စင်းခန်းတံတားတစ်ဝှိုက်ဒေသတွေမှာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေ အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်တဲ့ အခြေအနေရှိနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကပြောပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့ကစပြီး ဗန်းမော်မြို့ဘက်ကနေ မံစီဘက်ကို ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းတစ်ကြောင်းဟာ ကောင်းဂျာယန်အနီးမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းမှာ လူဦးရေ ၁၀၀ ကျော် ပါဝင်ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုနဲ့ လက်နက်ချသူတွေရှိသလို တချို့ကလည်း ထွက်ပြေးသွားတယ်လို့ KIA ဘက်က ပြောထားပါတယ်။

ဗန်းမော်မြို့အတွင်းမှာတော့ ကောင်းဂျာယန်ဘက်ကို ထွက်ခွာသွားတဲ့ စစ်ကြောင်းတွေဟာ မြို့တွင်းက တပ်ဖွဲ့ဝင်တွေထဲနဲ့ လူအင်အားကို ပြန်လည်စုစည်းပြီး ဖွဲ့စည်းထားတဲ့ စစ်ကြောင်းတွေဖြစ်တယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ကောင်ဂျာယန်တိုက်ပွဲနောက်ပိုင်းမှာကတော့ ဗန်းမော်မြို့တွင်းမှာလည်း တိုက်ပွဲတွေပြင်းထန်တာမရှိဘူး။ ကောင်ဂျာယန် ဘက်ကို တက်သွားတဲ့ စစ်ကြောင်းတွေကတော့ ဗန်းမော်မှာရှိတဲ့တပ်တွေထဲက ဟိုနှုတ်ဒီနှုတ်ပေါ့ ထုတ်နုတ်ပြီးမှပေါင်းလိုက်တဲ့ စစ်ကြောင်းတွေဖြစ်ပါတယ်။ ၁၀၀ နည်းနည်းကျော်မှာပါ။

ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း ဗန်းမော်မြို့ဘက်မှာ စစ်တပ်က အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်နေသော်လည်း ရှေ့တန်းမှာ ပါဝင်တဲ့ စစ်သားအများစုဟာ အတွေ့အကြုံနည်းတဲ့ တပ်သားတွေဖြစ်တာကြောင့် တော်လှန်ရေးတပ်ဘက်က စစ်ရေးမှာအသာရနေတယ်လို့ သိရပါတယ်။

လက်ရှိ ဗန်းမော်နဲ့ မံစီအကြားမှာ စစ်တပ်ဘက်က အဓိကလမ်းကြောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးပမ်းနေပြီး KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း အဲဒီလမ်းကြောင်းတလျှောက်မှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်ရှိနေတယ်လို့ စစ်ရေးသတင်း ရင်းမြစ်တွေက ပြောပါတယ်။

KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကတော့ လက်ရှိအချိန်မှာ တိုက်ပွဲဖြစ်ပွားနိုင်တဲ့ နေရာတွေဟာ ဗန်းမော်၊ စင်းခန်းနဲ့ ဇင်းဘုံတဝိုက် ဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ပွဲခဏခဏဖြစ်တဲ့ အချိန်မရွေးဖြစ်နိုင်တဲ့နေရာကတော့ ဇင်းဘုံတို့ စင်းခန်းတို့ နောက် ဗန်းမော်ပေါ့ အဲ့ဒီတကြော ဖြစ်ပါတယ်။

တစ်ဖက်မှာ စစ်ရေးအခြေအနေကြောင့် ဧရာဝတီမြစ်ကြောင်းနဲ့ ကားလမ်းတလျှောက်မှာ နေထိုင်တဲ့ ဒေသခံတွေဟာ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကို စိုးရိမ်နေရပြီး နေရပ်စွန့်ခွာကာ စစ်ရှောင်နေသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့ကဆိုရင် ကောင်းတုံကျေးရွာကို Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၁၀ လုံးကျော် မီးလောင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူကအတည်ပြုပါတယ်။

နောက်ဆုံးကတော့ ကောင်းတုံဆိုတဲ့ရွာဖြစ်ပါတယ်။ ဒီလ ၁၃ ရက်နေ့မနက်ပိုင်းမှာ Y 12 နဲ့ဗုံးကြဲလို့ အိမ်ခြေ ၁၀ ကျော် မီးလောင်သွားတာ။ ဒါကတော့ ပြည်သူတွေရဲ့အိုးအိမ်တွေတိုက်ခိုက်ခံရတာနောက်ဆုံးဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ အဲ့ဒီမြစ်ရိုးတကြောမှာရှိနေတဲ့ ကားလမ်းတကြောမှာရှိနေတဲ့ ပြည်သူလူထုတွေကတော့ ကိုယ့်အိမ်ကိုယ်ရွာမှာ အေးအေး ဆေးဆေးတော့နေလို့မရဘူး။ လေကြောင်းတွေကိုလည်းအမြဲတမ်းကြောက်ရတာ ဆိုတော့ ကျီးလန့်စာစားလို့ပြောရမှာ ပေါ့နော်။ ”လို့ စစ်ရေးအခြေနေကြားက အရပ်သားတွေရဲ့အခြေနေကိုပြောပြပါတယ်။

ဗန်းမော်နဲ့ မံစီမြို့နယ်အတွင်းမှာ စစ်ရေးတင်းမာမှု ဆက်ရှိနေတဲ့အတွက် ဒေသခံတချို့ဟာ လုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်းနေကြ ရပြီး လက်ရှိအခြေအနေမှာ တိုက်ပွဲဖြစ်ပွားနိုင်တဲ့ နေရာတွေကနေ ဝေးဝေးနေထိုင်ဖို့ ကြိုးစားနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button