KIA ဒုတပ်ရင်းမှူးဟု စွပ်စွဲဖမ်းဆီးခံရသူမှာ ကျောက်လုပ်ငန်းရှင်ဖြစ်ကြောင်း ပြော
ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့က KIA ဒုတပ်ရင်းမှူးတစ်ဦးဖြစ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးထားတဲ့ ဦးဝါ့ဂျယ်နော်တောင်ဟာ KIA အရာရှိမဟုတ်ဘဲ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်လုပ်ငန်းရှင်တစ်ဦးဖြစ်တယ်လို့ ဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။
ယခုရက်ပိုင်းအတွင်း ကာမိုင်းစစ်တပ်ဂိတ်မှာ ဖမ်းဆီးခံထားရတဲ့ ဦးဝါ့ဂျယ်နော်တောင်ဟာ KIA တပ်မဟာ (၉)၊ တပ်ရင်း (၆) ရဲ့ ဒုတပ်ရင်းမှူးဖြစ်တယ်လို့ Shanni Empire အမည်ရှိ Facebook အကောင့်က ရေးသားဖော်ပြထားပါတယ်။
ဒါပေမယ့် ဦးဝါ့ဂျယ်နော်တောင်ဟာ ဖားကန့်မြို့နယ် အောင်ဘာလီကျေးရွာက ကျောက်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး မြစ်ကြီးနားနဲ့ ဖားကန့်ကို ပုံမှန်သွားလာနေသူဖြစ်တယ်လို့ သူ့ကို သိရှိတဲ့ ဖားကန့်ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။
“ဖားကန့် အောင်ဘာလီက ကျောက်လုပ်ငန်းရှင်တစ်ဦး ဟုတ်တယ်။ သူက မြစ်ကြီးနားကို ဆင်းသွားလိုက်၊ ပြန်လိုက်နဲ့ ပုံမှန်သွားနေတာ ဟုတ်တယ်။ ဒီလိုနဲ့ ကျောက်လုပ်ငန်းလုပ်နေသူဖြစ်တယ်။ အဲ့လိုဖမ်းလိုက်ပြီးတော့ KIA တပ်ရင်း (၆) ရဲ့ ဒုအရာရှိဖြစ်တယ်ဆိုပြီး မဟုတ်တာတွေ အတင်းအဓမ္မ ရေးသားနေတာ” လို့ ပြောပါတယ်။
KIA တပ်ရင်း (၆) မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဒုတပ်ရင်းမှူးဟာ ဗိုလ်ကြီးအောင်နန်ဆိုသူသာ ဖြစ်တယ်လို့ KNG က စုံစမ်းသိရှိရပါတယ်။
ဒါ့အပြင် ဦးဝါ့ဂျယ်နော်တောင်ကို KIA အရာရှိတစ်ဦးဖြစ်တယ်လို့ စွပ်စွဲရေးသားပြီး လူထုအမြင်မှားအောင် ဝါဒဖြန့်နေသလို ငွေကြေးနဲ့ ပြန်ရွေးခိုင်းနေတယ်လို့လည်း အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။
“ဒီပုံစံက ပြန်ပေးဆွဲတဲ့သဘောနဲ့ လုပ်လာတယ်လို့ မြင်ပါတယ်။ အခုကြားရသလောက် ငွေနဲ့ ပြန်ရွေးခိုင်းနေတယ်လို့လည်း ကြားနေရတယ်”လို့ပြောပါတယ်။
ဦးဝါ့ဂျယ်နော်တောင်ကို ငွေနဲ့ ပြန်ရွေးခိုင်းနေတယ်ဆိုတဲ့ သတင်းကို သတင်းအရင်းအမြစ်တချို့က ပြောပြထားပေမယ့် KNG အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဦးဝါ့ဂျယ်နော်တောင်ဟာ KIA အရာရှိတစ်ဦးဖြစ်တယ်လို့ Shanni Empire အမည်ရှိ Facebook အကောင့်က ရေးသားဖော်ပြထားတာနဲ့ ပတ်သက်ပြီး NUG အစိုးရလက်အောက်ခံ သယံဇာတဝန်ကြီး ဦး Hkalen Uma ကလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ခုလို တုံ့ပြန်ထားပါတယ်။
“နမ့်ဖက်ကာက ဆရာတစ်ယောက်မန့်ထားတာတွေ့လို့ပါ။ Waje Naw Tawng , ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ နားဖိုင်ရွာက ဆရာမကြီးအနန်၊ ပညာရေး(ငြိမ်း)ရဲ့ ဒုတိယသားပဲ။ KIA စစ်သားတော့မဟုတ်ဘူးထင်ပါတယ်။ ကျောက်စိမ်းလုပ်ငန်းလုပ်သူလို့တော့ကြားပါတယ်။ သူ့အမေ ဆရာမကြီးက လွန်ခဲ့တဲ့အပတ်မှာ ဆုံးသွားပါပြီ”လို့ ။ဦး Hkalen Uma အကောင့်က ဖော်ပြထားပါတယ်။
အခု သတင်းအမှားရေးသားဖော်ပြနေတဲ့ Shanni Empire အမည်ရှိ Facebook အကောင့်မှာ ‘ဖမ်းဆီးခံရတဲ့ ဒုတပ်ရင်းမှူး ဝါကျယ်နော်တောင် ရဲ့ ဖုန်းထဲမှာ ပြည်သူလူထုကို သတ်ဖြတ်ထားတဲ့ ပုံများ များစွာတွေ့ခဲ့ရပြီး မူးယစ်ဆေးဝါးဖြန့်ဝေရေးဆိုင်ရာ အချက်အလက်တွေကိုလည်းမသင်္ကာဖွယ် တွေ့ရှိထားရတယ်လို့ ဆိုပါတယ်’စသဖြင့် ရေးသားစွပ်စွဲပြောဆိုထားတာလည်းမြင်တွေ့ရပါတယ်။
ဒါ့အပြင် ကာမိုင်းမြို့နယ်ထဲက အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို စစ်သားစုဆောင်းတာနဲ့ လုပ်ငန်းရှင်တွေကို ပြန်ပေးဆွဲပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေကို KIA တပ်မဟာ (၉) က ကျူးလွန်ထားတယ်လို့ Shanni Empire အကောင့်က ရေးသားထားပါတယ်။
ဒီလိုလုပ်ဆောင်မှုတွေကို တပ်ရင်း (၆) ဒုတပ်ရင်းမှူး ဝါ့ဂျယ်နော်တောင်က ထုတ်ဖော်ပြောဆိုထားတယ်လို့လည်း အဲဒီအကောင့်မှာ ရေးသားဖော်ပြထားတာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



