ခေါင်လန်ဖူးနယ်စပ်မှာ တရုတ်လုပ်ငန်းရှင်တွေ သတ္တုတူးဖို့ပြင်ဆင်
ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်က တရုတ်–မြန်မာနယ်စပ် မြန်မာဘက်ခြမ်းမှာ တရုတ်လုပ်ငန်းရှင်တွေက မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်၊ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်နဲ့ တရုတ်လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ကျေးရွာအနောက်ဘက် နယ်စပ်တစ်လျှောက်မှာ မြေရှားသတ္တုတူးဖော်ဖို့ မြေနေရာရှင်းလင်းတာနဲ့ ဒေသခံတွေကို မြေယာအသုံးပြုခွင့်အတွက် ငွေကြေးနဲ့ စည်းရုံးတာတွေ လုပ်နေတယ်လို့ ခေါင်လန်ဖူးဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
“စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးပြည်သူ့စစ် စိုးမိုးထားတဲ့ တောင်ပေါ်ဒေသက ရွာတွေမှာ တရုတ်လုပ်ငန်းရှင်တွေနဲ့ပေါင်းပြီး မြေရှားတ္တုတူးဖို့ လုပ်နေတာ ကြာပြီ။ အဲဒီမှာ တာဝန်ကျတဲ့ ပြည်သူ့စစ်တွေနဲ့ စကစတပ်ရင်းမှူးတွေ တရုတ်လုပ်ငန်းရှင်တွေနဲ့ ပေါင်းပြီး ဆောင်ရွက်နေတာ သတ္တုတူးဖို့ပါ” လို့ သူက ပြောပါတယ်။
သတ္တုတူးဖော်ဖို့ ပြင်ဆင်တာတွေကို ၂၀၂၅ ခုနှစ်ကတည်းက စတင်ခဲ့ပြီး မြန်မာ–တရုတ်နယ်စပ် ရှိန်းခေါင်လမ်းကနေ ဝင်လာတဲ့ တရုတ်လုပ်ငန်းရှင်တွေက ပူတာအို ခလရ ၄၆ ဗျူဟာလက်အောက်ခံ တပ်ဖွဲ့တွေနဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တို့ ပူးပေါင်းလုပ်ဆောင်နေတာလို့ သိရပါတယ်။
လက်ရှိ မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေတဲ့နေရာတွေက ရှိန်းခေါင်ကျေးရွာအနောက်ဘက် တရုတ်–မြန်မာနယ်စပ် နယ်စပ်မှတ်တိုင် ၃၁ နဲ့ ၃၂ အနီးတဝိုက်မှာရှိပြီး ရှိန်းခေါင်၊ နန်ဆိန်၊ ဇင်းထန်၊ ညီဝါး စတဲ့ကျေးရွာတွေနဲ့ အနီးဝန်းကျင်က မြေတွေ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြေရှားသတ္တုတူးဖော်မယ့် မြေနေရာတွေအတွက် ဒေသခံတွေကို တစ်နှစ်စာ ငွေကြေးပေးမယ်လို့ ပြောပြီး စည်းရုံးနေတယ်လို့ သိရပါတယ်။
ဒီကိစ္စကို ဒေသခံပြည်သူတွေ လက်မခံချင်ပေမယ့် ပြည်သူ့စစ်တွေ စိုးမိုးထားတဲ့ဒေသဖြစ်တာကြောင့် ကန့်ကွက်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။
“ဒေသခံတွေကတော့ မလိုလားကြဘူး။ တစ်နှစ်ကို ပိုက်ဆံ ဘယ်လောက်ပေးမယ်ဆိုပြီး စည်းရုံးတယ်။ လက်မခံချင်ရင်လည်း လက်ခံရတော့မယ်လေ။ သူတို့စိုးမိုးထားတဲ့နေရာတွေဆိုတော့ ဘယ်သူမှ မကန့်ကွက်ရဲကြဘူး” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
သတ္တုတူးဖော်ဖို့ ပြင်ဆင်နေတဲ့ မြေနေရာတွေထဲမှာ ဒေသခံတွေရဲ့ ဘိုးဘွားပိုင်မြေယာတွေနဲ့ ဒေသခံတွေရဲ့ အဓိကဝင်ငွေရတဲ့ ရှာကော၊ ပါးကော စိုက်ခင်းတွေ ပါဝင်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ မြေနေရာရှင်းလင်းတာနဲ့ မြေယာအသုံးပြုဖို့ ငွေကြေးနဲ့ စည်းရုံးတာတွေ စတင်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခေါင်လန်ဖူးအနောက်ဘက် နယ်စပ်ဒေသက ရွာတွေမှာ နေထိုင်သူတွေဟာ တရုတ်ဘက်ကို အဓိကရောင်းချတဲ့ ရှာကော၊ ပါးကော စိုက်ပျိုးတာအပြင် ရေခဲတောင်ဒေသက ရရှိတဲ့ ဆေးမြစ်စုံ၊ သစ်ဥသစ်ဖုနဲ့ တောထွက်ပစ္စည်းတွေ ရှာဖွေရောင်းချပြီး အသက်မွေးဝမ်းကျောင်းလုပ်နေကြတာပါ။
ဒါကြောင့် မြေရှားတ္တုတူးဖော်မှု စတင်လာရင် ရှာကော၊ ပါးကော စိုက်ခင်းတွေ ပျက်စီးနိုင်တာ၊ စိုက်ပျိုးမြေတွေ လျော့နည်းလာနိုင်တာနဲ့ တောထွက်ပစ္စည်း ရှာဖွေဖို့ ခက်ခဲလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
“ဒေသခံတွေကတော့ ကန့်ကွက်ကြတယ်။ ဒါပေမယ့် အဲဒီမှာက တောင်ပေါ်ဒေသလည်းဖြစ်တယ်။ ရွာတွေကလည်း ဟိုမှာနည်းနည်း၊ ဒီမှာနည်းနည်း စုပြီးနေကြတော့ ဌာနေပြည်သူ့စစ်တွေရဲ့ စည်းရုံးမှုအောက်မှာ အသာတကြည်ပြောတဲ့အခါ လက်ခံရင်လက်ခံ၊ လက်မခံရင် သူတို့အတွက်လည်း မကောင်းဘူးဆိုတဲ့ ခြိမ်းခြောက်မှုမျိုးတွေကို နယ်ခံတွေ ကြုံနေရတယ်” လို့ ခေါင်လန်ဖူးမြို့ခံ အမျိုးသားက ဆက်ပြောပါတယ်။
လက်ရှိမြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေတဲ့ ရှိန်းခေါင်ဒေသဟာ ပူတာအိုမြို့နဲ့ မိုင် ၁၀၀ ကျော်ဝေးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ တောင်ပေါ်နယ်စပ်ဒေသဖြစ်ပါတယ်။
ဒီဒေသက ဒေသခံပြည်သူတွေဟာ အခြေခံစားသောက်ကုန်၊ ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံဘက်ကနေ အဓိက ဝယ်ယူသုံးစွဲနေရတဲ့ ဒေသလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ နယ်စပ်ဒေသအတွင်း မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်မှုတွေ ဆက်လုပ်နေပြီး သတ္တုတူးဖော်မှု စတင်လာပါက ဒေသခံတွေရဲ့ စိုက်ပျိုးမြေ၊ တောထွက်ပစ္စည်းနဲ့ အသက်မွေးဝမ်းကျောင်းအပေါ် ထိခိုက်မှုာလမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေပြောပါတယ်။
By – Zaw Zaw



