စစ်သင်္ဘောတွေ ပြန်စုန်လာချိန် လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၄ ဦးသေဆုံး

ဗန်းမော်နဲ့ ရွှေကူဘက်ကနေ မန္တလေးဘက်ကို စစ်သင်္ဘောတွေ ပြန်စုန်ဆင်းလာချိန် ကသာနဲ့ ရွှေကူမြို့နယ်အတွင်း မြစ်ကမ်းတစ်လျှောက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား အနည်းဆုံး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကို ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ကသာမြို့နယ် မိုးတားလေးကျေးရွာက အရပ်သားတစ်ဦး၊ ကျောက်ထုံးကြီးအုပ်စု အင်းဒရန့်ကျေးရွာက အမျိုးသားတစ်ဦးနဲ့ ကလေးငယ်တစ်ဦး၊ ရွှေကူမြို့နယ် ရွှေကူလေးကျေးရွာအနီး နောင်ကုပ်ကျေးရွာက အရပ်သားတစ်ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

နောက်ထပ် ကသာမြို့နယ် ကျောက်ထုံးကြီးအုပ်စု ဝေဆွယ်ကျေးရွာမှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး အနည်းငယ်ဒဏ်ရာရခဲ့တယ်လို့ အဆိုပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပေးပို့တဲ့ အချက်အလက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို အရပ်သားထိခိုက်သေဆုံးမှုတွေဟာ စက်တင်ဘာ ၁၇ ရက်က ရွှေကူမြို့ကနေ မန္တလေးဘက်ကို ပြန်စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေ ကသာမြို့ကို ဝင်ရောက်ဖြတ်သန်းချိန်မှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။

စစ်သင်္ဘောတွေဟာ စက်တင်ဘာ ၁၇ ရက်မှာ ရွှေကူကနေ စတင်စုန်ဆင်းလာပြီး အဲဒီညမှာ ကသာမြို့ကို ဝင်ရောက်ခဲ့ကာ နောက်တစ်နေ့ မနက်အစောပိုင်းမှာ ကသာကနေ ဆက်လက်စုန်ဆင်းသွားတယ်လို့ ဆိုပါတယ်။

အဲဒီအချိန်အတွင်း ကသာမြို့နယ် မြစ်ကမ်းတစ်လျှောက်က ကျေးရွာတွေကို လေကြောင်းကနေ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အဆိုပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

ရွှေကူကနေ ၁၇ ရက်နေ့စပြီးတော့ စုန်တယ်။ ညတွင်းချင်း ကသာကိုဝင်တယ်။ မနက်အစောကြီး ကသာကနေ ပြန်တန်းထွက်တော့တာပဲ။ လေယာဉ်ဗုံးကြဲတာက နှစ်ရက်ဆက်တိုက်ပေါ့ လို့ ကသာဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြစ်ကမ်းနားကျေးရွာတွေမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပေမယ့် ဆက်သွယ်ရေးအခက်အခဲတွေကြောင့် ထိခိုက်သေဆုံးသူ အရေအတွက်ကို အတိအကျ အတည်ပြုနိုင်ဖို့ ခက်ခဲနေတယ်လို့ သူက ပြောပါတယ်။

တခြားမြစ်ကမ်းနားက ကျေးရွာတွေမှာ ထိခိုက်သေဆုံးတာတွေလည်း ရှိပါတယ်။ တိတိကျကျ အတည်ပြုနိုင်ဖို့က တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ပြတ်တောက်နေတဲ့ကာလပေါ့လေ။ အခုဟာက ဖုန်းလိုင်းကလည်း အဆက်အသွယ်မရှိတာက တစ်ကြောင်းပေါ့လေ။ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ အခက်အခဲတွေရှိပါတယ် လို့ အထက်ဖော်ပြပါ ဒေသခံက ဆက်ပြောပါတယ်။

အလားတူ ရွှေကူမြို့နယ်ဘက်မှာလည်း စစ်သင်္ဘောတွေ ပြန်စုန်ဆင်းလာချိန် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

ရွှေကူလေးကျေးရွာအနီး နောင်ကုပ်ကျေးရွာမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရွှေကူကနေ ကသာကနေ ပြန်စုန်ဆင်းတဲ့အခါမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြစ်ကမ်းတစ်လျှောက်က ရွာတွေကို ဗုံးကြဲတိုက်ခိုက်သွားတဲ့အခါမှာ ထိခိုက်သေဆုံးတာတွေရှိတယ်လို့ သိရတယ်။ ကျနော်သိရသလောက်က ရွှေကူလေးကျေးရွာနားက နောင်ကုပ်ရွာမှာ လူတစ်ယောက် လေယာဉ်မိုင်းကျပြီးတော့ ခါးပြတ်ပြီး သေဆုံးတယ်လို့ သိရတယ် လို့ ရွှေကူဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။

ဒီရေကြောင်းစစ်ကြောင်းဟာ ဗန်းမော်ဘက်ကို စစ်ကူ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ပို့ဆောင်ဖို့ မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ ဩဂုတ် ၂၁ ရက်နဲ့ စက်တင်ဘာ ၄ ရက်မှာ အသီးသီး ထွက်ခွာလာတဲ့ ရေယာဉ်အုပ်စုတွေဖြစ်ပါတယ်။

စစ်တပ်ရဲ့ ရေယာဉ်အုပ်စုတွေဟာ ဗန်းမော်နဲ့ ရွှေကူကြားမှာ တိုက်ခိုက်ခံရမှုတွေကြောင့် ရေယာဉ်တချို့ ထိခိုက်ပျက်စီးတာနဲ့ နစ်မြုပ်တာတွေ ရှိခဲ့ပါတယ်။

ဗန်းမော်ကနေ မန္တလေးဘက်ကို ပြန်လာတဲ့ ရေယာဉ်တွေထဲမှာ တိုက်ခိုက်ရေးသင်္ဘောတွေအပြင် တွဲတွန်းသင်္ဘောနဲ့ အခြားရေယာဉ်တွေလည်း ပါဝင်ပါတယ်။

လက်ရှိမှာတော့ စစ်တပ်ရဲ့ရေယာဉ်အုပ်စုထဲက ရေယာဉ်တွေ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းဘက်ကို ပြန်လည်ရောက်ရှိလာပြီလို့ သိရပါတယ်။

စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းမှာ ကချင်ပြည်နယ်ဘက်ကနေ ပြန်စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေ ဂေါဝိန်ဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့ပြီး ဒဏ်ရာရစစ်သားတွေကို ပြင်ဦးလွင် စစ်ဆေးရုံဘက် ပို့ဆောင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အဲဒီအချက်ကို KNG က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

By – အမိုး

Show More

Leave a Reply

Back to top button