မန္တလေး-မြစ်ကြီးနားလမ်းပိုင်းမှာ လေကြောင်းဗုံးကြဲခံရ၊ ကားသမားနဲ့ စပါယ်ယာ သေဆုံး
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မန္တလေး–မြစ်ကြီးနား ကားလမ်းပိုင်းတစ်နေရာနဲ့ အနီးဝန်းကျင်ကျေးရွာတွေကို စစ်တပ်က Y-12 လေယာဉ်အသုံးပြုပြီး ဒီနေ့ စက်တင်ဘာ ၂၃ ရက် နေ့လည်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကားသမားတစ်ဦးနဲ့ စပါယ်ယာတစ်ဦး သေဆုံးတယ်လို့ ကနဦးသိရပြီး နောက်ထပ်သေဆုံးသူတွေ ရှိနိုင်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။
“လူအထိအခိုက်များလို့ အတိအကျမပြောနိုင်သေးဘူး” လို့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဒေသခံတစ်ဦးက ပြောပါတယ်။
အင်းတော်မြို့နယ် စက်တောကုန်းဆီခြံကနေ ပွိုင့်ဆီဆိုင်မရောက်မီ ဒီဇင်ဘာ ၂ ခြံအနီး ဗျူဟာကားလမ်းမတစ်လျှောက်ကို နေ့လည် ၁၁ နာရီခွဲဝန်းကျင်မှာ Y-12 လေယာဉ်နဲ့ ဗုံး ၁၈ လုံး ကြဲချခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီအချိန်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိသလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း မရှိဘူးလို့ အဆိုပါဒေသခံက ပြောပါတယ်။
“ဘာတိုက်ပွဲမှ မဖြစ်ဘူး။ ဘာရဲဘော်မှလည်း မရှိဘူး။ ပြည်သူတွေပဲ ထိတာ။ ကားသမားတွေလည်း ထိကုန်တာပဲ။ အခုလည်း နေရှိန်ကပြင်းတော့ မီးတွေတအားလောင်ကုန်ပြီ” လို့ ဒေသခံအမျိုးသားတစ်ဦး ဆက် ပြောပါတယ်။
တစ်ခြားပြည်သူတွေ ထိခိုက်မှုရှိနိုင်ပေမယ့် ထိခိုက်မှုအရေအတွက် အတိအကျကို လက်ရှိမှာ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လေကြောင်းတိုက်ခိုက်ခံရတာဟာ စက်တောကုန်းကျေးရွာတစ်ရွာတည်း မဟုတ်ဘဲ အနီးနားက နောင်မိုးကျေးရွာကိုပါ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျေးရွာတစ်ရွာကို ဗုံး ၉ လုံးစီ ကြဲချခဲ့တယ်လို့ လူမှုကွန်ရက်ပေါ်မှာ ဒေသခံတွေက ရေးသားဖော်ပြထားပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံတွေနဲ့ အခြားထိခိုက်ပျက်စီးမှု အခြေအနေတွေကိုတော့ လက်ရှိမှာ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒါ့အပြင် အင်းတော်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု မဖြစ်မီ ဒီရက်ပိုင်းအတွင်း ကသာ၊ ရွှေကူနဲ့ အနီးဝန်းကျင် မြစ်ကမ်းဒေသတွေမှာလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိခဲ့ပါတယ်။
စက်တင်ဘာ ၁၇ ရက်မှာ ရွှေကူဘက်ကနေ မန္တလေးဘက်ကို စစ်ရေယာဉ်တွေ ပြန်လည်စုန်ဆင်းလာချိန် ကသာနဲ့ ရွှေကူမြို့နယ်အတွင်း မြစ်ကမ်းတစ်လျှောက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား အနည်းဆုံး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ KNG က ဖော်ပြခဲ့ပါတယ်။
အလားတူ စက်တင်ဘာ ၁၃ ရက်မှာလည်း ရွှေကူဘက်ကို ဆန်တက်လာတဲ့ စစ်ရေယာဉ်တွေ တိုက်ခိုက်ခံရပြီးနောက် ကောင်းတုံနဲ့ ဆာဝတီးကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာတွေ မီးလောင်ပျက်စီးခဲ့ပါသေးတယ်။
လက်ရှိ စက်တင်ဘာ ၂၃ ရက်မှာတော့ အင်းတော်မြို့နယ် မန္တလေး–မြစ်ကြီးနား ကားလမ်းပိုင်းနဲ့ အနီးဝန်းကျင်ကျေးရွာတွေကို Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ပုံစာ– လေကြောင်းတိုက်ခိုက်ခံရလို့ မီးလောင်နေတဲ့မြင်ကွင်း။




