ဂရိတ်ဖုသီးအထွက်နှုန်းကျဆင်းပေမယ့် ဈေးနှစ်ဆခန့်တက်

ကချင်ပြည်နယ်၊ ပူတာအိုဒေသမှာ ဒီနှစ် ဂရိတ်ဖုသီးအထွက်နှုန်း သိသိသာသာကျဆင်းသွားတာကြောင့် အသီးရှားပါးလာပြီး ဈေးနှုန်းက အရင်နှစ်တွေထက် နှစ်ဆခန့် မြင့်တက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အရင်နှစ်တွေမှာ းအလုံးရေ ၁,၀၀၀ ကျော်ထွက်တဲ့ ခြံတွေမှာ ဒီနှစ် အလုံး ၃၀၀ ကနေ ၄၀၀ ဝန်းကျင်သာ ထွက်တော့သလို အသီးအရွယ်အစားလည်း သေးလာတယ်လို့ သိရပါတယ်။

အသက် ၅၀ ကျော်အရွယ် ဂရိတ်ဖုသီးခြံပိုင်ရှင်တစ်ဦးက အရင်နှစ်က အသီးအထွက်ကောင်းပြီး အလုံးကြီးတွေ ရရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ အသီးအရေအတွက်နည်းလာတဲ့အပြင် အရည်အသွေးပါ ကျဆင်းလာတယ်လို့ KNG ကို ပြောပါတယ်။

“အသီးထွက်နှုန်းက တော်တော်လေးကျသွားတယ်ဗျ။ မနှစ်က အလုံးတစ်ထောင်ကျော်ထွက်တဲ့ခြံက ဒီနှစ် အလုံး ၃၀၀ လောက်ပဲထွက်တယ်။ ဒါတောင် အသီးတွေက မသန်ဘူး၊ အလုံးသေးတယ်။ မနှစ်က အသီးတွေလည်း အလုံးကြီးတယ်၊ ထွက်နှုန်းလည်းကောင်းတယ်။ ဒီနှစ်က တော်တော်များများ အသီးမကောင်းကြဘူး” လို့ သူက ပြောပါတယ်။

ဂရိတ်ဖုသီးအထွက်နှုန်းကျဆင်းတာဟာ ပူတာအိုဒေသက ဂရိတ်ဖုသီးခြံအများစုမှာ ကြုံနေရတဲ့ အခြေအနေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

PSA

အရင်နှစ်တွေက ဂရိတ်ဖုသီး ခြောက်ဘီးကား သုံးစီးစာလောက် ထွက်ရှိတဲ့ခြံတွေမှာ ဒီနှစ် တစ်စီးစာလောက်သာ ထွက်တော့တာကြောင်း သက် ၃၀ ကျော်အရွယ် ပူတာအိုဒေသခံ ဂရိတ်ဖုသီးခြံပိုင်ရှင်တစ်ဦးကလည်း ခုလိုပြောပါတယ်။

“ကျွန်မတို့ရွာဘက်တွေလည်း ဒီနှစ်က အသီးထွက်နှုန်း တော်တော်နည်းသွားတယ်။ မနှစ်က ကျွန်မတို့ခြံက ကားသုံးစီးထွက်တယ်။ ဒီနှစ်က ကားတစ်စီးစာတောင် သိပ်မရချင်ဘူး။ အသီးထွက်နှုန်း အတော်ကျသွားတယ်” လို့ သူက KNG ကို ပြောပါတယ်။

ဂရိတ်ဖုသီးအထွက်နှုန်း ကျဆင်းရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမဲ့ အသီးပွင့်ချိန်မှာ မိုးများခဲ့တာကြောင့် အပွင့်တွေ ကြွေကျပြီး အသီးတင်နှုန်းနည်းသွားတာလို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။

အပွင့်ကနေ အသီးဖြစ်လာတာဖြစ်တဲ့အတွက် ပွင့်ချိန်မှာ မိုးများတာဟာ အသီးအထွက်နည်းရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတွေပြောပြချက်အရ အရင်နှစ်တွေက အသီးအကြီးတစ်လုံးကို ကျပ် ၃၀၀ ကနေ ၅၀၀ ကြားသာ ရောင်းချခဲ့ရပေမဲ့ ဒီနှစ်မှာတော့ အသီးရှားပါးလာတဲ့အတွက် ကျပ် ၁,၀၀၀ အထိ ဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လက်ရှိ အလတ်စားအသီးတစ်လုံးကိုလည်း ကျပ် ၅၀၀ ဝန်းကျင်အထိ ပေးဝယ်နေရတယ်လို့ သိရပါတယ်။

ဒေသခံအမျိုးသမီးတစ်ဦးက ဒီနှစ်မှာ အသီးရောင်းချသူတွေ နည်းလာပြီး ဈေးကွက်ထဲ အသီးအရေအတွက်လည်း နည်းနေတဲ့အတွက် ရောင်းအားကောင်းလာတယ်လို့ ပြောပါတယ်။

“အသီးသည်တွေလည်း သိပ်မရှိဘူး။ ဒီနှစ်က ရောင်းတဲ့သူလည်းနည်းတော့ ရောင်းအားလည်းကောင်းတယ်ပြောရမှာပေါ့။ မနှစ်က ဒီချိန် အကြီးတစ်လုံး ၃၀၀ ကျပ်၊ ဒီနှစ်က အကြီးတစ်လုံး ၁,၀၀၀ ကျပ် ပေးဝယ်ရတယ်” လို့ သူက ပြောပါတယ်။

ပူတာအိုဒေသမှာ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ဂရိတ်ဖုသီးစပေါ်တဲ့ရာသီတွေမှာ စစ်ရေးအခြေအနေတွေနဲ့ ဈေးကွက်အခက်အခဲတွေကြောင့် အသီးဈေးနှုန်း ကျဆင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီကာလအတွင်း အသီးအကြီးတစ်လုံးကို ကျပ် ၃၀၀ ကနေ ၅၀၀ ကြားသာ ရောင်းချခဲ့ရပြီး အလတ်စားအသီး သုံးလုံးကို ကျပ် ၁,၀၀၀ ဝန်းကျင်နဲ့ ရောင်းချခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဂရိတ်ဖုသီးစိုက်ပျိုးရေးဟာ ပူတာအိုဒေသခံတွေအတွက် အရေးပါတဲ့ ဝင်ငွေရလုပ်ငန်းတစ်ခုဖြစ်ပြီး စစ်အာဏာမသိမ်းခင်က ဈေးကွက်အားကောင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက် ခရီးသွားလာသူ နည်းပါးလာတာ၊ ပူတာအို–မြစ်ကြီးနားလမ်းနဲ့ မန္တလေး–မြစ်ကြီးနားလမ်းပိုင်းတွေမှာ သယ်ယူပို့ဆောင်ရေး အခက်အခဲရှိလာတာတွေကြောင့် ဂရိတ်ဖုသီးဈေးကွက် အားနည်းလာပြီး ခြံပိုင်ရှင်တချို့ အရှုံးပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်မှာလည်း အသီးဈေးနှုန်း မြင့်တက်လာပေမဲ့ အထွက်နှုန်း သိသိသာသာကျဆင်းနေတဲ့အတွက် ဂရိတ်ဖုစိုက်ပျိုးတဲ့တောင်သူတွေ ဝင်ငွေပိုပြီးကျလာနေတယ်လို့လည်း ဒေသခံတွေပြောပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button