ဟုမ္မလင်းမှာ တိုက်ပွဲပြန်ဖြစ်လာနိုင်လို့ ပြည်သူတွေ စိုးရိမ်နေ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ရွှေပြည်အေးမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့က စစ်အင်အားစုဆောင်းနေတဲ့အတွက် တိုက်ပွဲတွေ ပြန်လည်ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

လက်ရှိမှာ SNA တပ်က ဟုမ္မလင်းမြို့နယ်အတွင်း ဖြန့်ကျက်ထားတဲ့ တပ်သားတွေကို အောက်တိုဘာ ၃၁ ရက်နေ့ကစပြီး ဟုမ္မလင်းမြို့ပေါ်မှာ ပြန်လည်စုစည်းနေသလို ရွှေပြည်အေးမြို့ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေကြောင်း SNA နဲ့ နီးစပ်တဲ့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။

“ရွှေပြည်အေးကို စစ်ကြောင်းထိုးဖို့ဆိုပြီး ဟုမ္မလင်းမြို့ထဲမှာ အင်အားစုနေတယ်။ အခု စစ်ရှုံးထားတဲ့ တောင်ဦး၊ ရေပေါ်မီးက ဆုတ်လာတဲ့သူတွေပါတယ်။ နောက်ပြီး နန်တော၊ နောင်ပိုအောင်ဘက်က ဆင်းလာတဲ့သူတွေပါတယ်။ ဘယ်နေ့ထိုးမလဲ မသိဘူး။ အင်အားစုနေတာ သုံး၊ လေးရက်ရှိပြီ” လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဟုမ္မလင်းမြို့ပေါ်မှာ SNA တပ်သားအင်အား ၂၀၀ ဝန်းကျင်အထိ ရှိလာပြီး တစ်နေ့ကို ကားနှစ်စီး၊ သုံးစီးနှုန်းနဲ့ တပ်သားတွေ ထပ်မံရောက်ရှိလာနေတယ်လို့ နောက်ထပ်မြို့ခံတစ်ဦးက ပြောပါတယ်။

“တစ်နေ့ကို ကားနှစ်စီး၊ သုံးစီး ရောက်လာတယ်။ လောလောဆယ်တော့ မြို့ထဲက မှန်ပြင်ဘုန်းကြီးကျောင်းမှာ စုနေကြတယ်။ အင်အားလည်း ရာဂဏန်းတော့ ရှိနေပြီ။ ရွှေပြည်အေးကို စစ်ကြောင်းထိုးဖို့လို့ ပြောတယ်” လို့ သူက ပြောပါတယ်။

PSA

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်နဲ့ SNA တပ်တွေဟာ ဟုမ္မလင်းမြို့ပေါ်မှာ လူအင်အားစုဆောင်းနေသလို လေကြောင်းကနေတစ်ဆင့် လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကိုလည်း ဒီရက်ပိုင်းအတွင်း ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ KIA ပူးပေါင်းတပ်တွေက အောက်တိုဘာလကတည်းက ဟုမ္မလင်းမြို့နယ်အတွင်း ထိုးစစ်ဆင်နေပြီး တာမယ်ပုတ်၊ တောင်ဦးနဲ့ ရေပေါ်မီးကျေးရွာတွေကို သိမ်းပိုက်ထားသလို ဇေးသလောက်ကျေးရွာဘက်မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

အခုလို KIA ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင်မှုတွေနဲ့အတူ SNA နဲ့ စစ်ကောင်စီတပ်တို့ကလည်း ရွှေပြည်အေးမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ပြင်ဆင်လာတာကြောင့် ဟုမ္မလင်းမြို့နယ်အတွင်း စစ်ရေးတင်းမာမှု ပိုမိုမြင့်တက်လာနိုင်တာကြောင့် တိုက်ပွဲဖြစ်မှာကို ဒေသခံတွေစိုးရိမ်နေတယ်လို့ ဆိုပါတယ်။

ရွှေပြည်အေးမြို့ကိုတော့ KIA နဲ့ ဟုမ္မလင်း PDF ပူးပေါင်းတပ်တွေက ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာ စစ်ကောင်စီတပ်နဲ့ SNA တို့က ပြန်လည်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်ခဲ့ပေမဲ့ အရေးနိမ့်ခဲ့ပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button