အင်းတော်စစ်ကြောင်း ကောလင်းဘက်ဆက်ထိုး၊ ဆေးရုံဗုံးကြဲခံရပြီး ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ အထိနာခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဝန်းသိုဘက်က စစ်ကူတွေနဲ့ ပူးပေါင်းပြီးနောက် မန္တလေး–မြစ်ကြီးနားဧရာဝတီမြစ်အနောက်ဘက်လမ်းပိုင်းကို ဆက်လက်စစ်ကြောင်းထိုးနေပြီး အဲဒီဒေသတစ်ဝှိုက်က ဆေးရုံတစ်ရုံကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဆရာဝန်တစ်ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်း ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၄ ရက် ည ၇ နာရီဝန်းကျင်မှာ ကောလင်းမြို့နယ်အရှေ့ခြမ်း လျှော်ဖြူကုန်းကျေးရွာရှိ ဒေသခံပြည်သူတွေကို ဆေးကုသ ပေးနေတဲ့ ဆေးရုံတစ်ရုံကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Kawlin Revolution (KR) က ထုတ်ပြန်ထားပါတယ်။

အင်အား ၂၀၀ နီးပါးရှိတဲ့ အဲ့ဒီစစ်ကြောင်း အင်းတော်မြို့နယ်ကနေ ကောလင်းနယ်ထဲရောက်ရှိလာတဲ့နဲ့တစ်ပြိုင်နက် တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်ကြောင်းရှိနေတဲ့တစ်ဝှိုက်ကကျေးရွာတွေလေကြောင်းတိုက်ခိုက်ခံနေရတာပါ။

ဆေးရုံလေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ဆရာဝန်တစ်ဦး သေဆုံးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးရုံမှာရှိနေတဲ့ လူနာစောင့်အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက KNG ကိုအတည်ပြုပါတယ်။

“မနေ့ညကတော့ ဆေးရုံလေကြောင်းတိုက်ခိုက်ခံရတာ ဆရာဝန်တစ်ဦးရယ်၊ ကျန်းမာရေးဝန်ထမ်းတွေရယ် ထိခိုက်ဒဏ်ရာ ရတယ်။ ဆရာဝန်ကတော့ ကျဆုံးသွားတယ်။ လူနာစောင့်တွေလည်း တော်တော်များများ ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ ဆုံးသွားတဲ့ ဆရာကြီးကတော့ ဆရာပွကြီးလို့ ပြောတယ်”လို့ ဒေသခံအမျိုးသားက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ဒေါက်တာဇာနည်ထွန်း (ခ) ပွကြီးအပါအဝင် ကျန်းမာရေးဝန်ထမ်း ၅ ဦးဟာ အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးခဲ့ရပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့လူနာတွေနဲ့ လူနာစောင့်တွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။

အင်းတော်မြို့နယ်အတွင်း အောက်တိုဘာလကတည်းက စစ်ကြောင်းထိုးလာတဲ့ ဒီစစ်ကြောင်းတွေဟာ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် အကျအဆုံးများပြားခဲ့ပြီး အင်အား ၂၀၀ ကျော်ရှိတဲ့ စစ်ကြောင်းမှာ တပ်စိတ် ၂ စိတ်ခန့်သာ ကျန်ရှိတော့တဲ့အထိအထိနာခဲ့တာဖြစ်ပါတယ်။

PSA

အဲဒီနောက် ဝန်းသိုမြို့နယ်ဘက်ကို စစ်ကြောင်းထိုးနေတဲ့ အင်အား ၂၀၀ ကျော်ရှိစစ်ကြောင်းတစ်ကြောင်းဟာ အင်းတော်ဘက်က စစ်ကြောင်းကို စစ်ကူပေးဖို့ ပြန်လှည့်လာပြီး ပူးပေါင်းခဲ့တာကြောင့် စစ်ကြောင်းအင်အား ပြန်လည် စုစည်းနိုင်ခဲ့တယ်လို့ အရင်က မြေပြင်သတင်းရင်းမြစ်တွေက ပြောထားပါတယ်။

လက်ရှိမှာတော့ အဲဒီစစ်ကြောင်းဟာ အင်းတော်မြို့နယ်ကနေ ကောလင်းမြို့နယ်ဘက်ကို ဆက်လက်စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

လက်တလောမှာတော့ စစ်ကြောင်းဟာ ကောလင်းမြို့နယ်အတွင်း ဒိုးပင်နဲ့ ပေါက်ကုန်းကျေးရွာဘက်ကို ရောက်ရှိနေပြီး အဲဒီတစ်ဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီကျေးရွာတွေဟာ အင်းတော်ဒေသနဲ့ သိပ်မဝေးတဲ့ နေပူတောင်ခြေမှာတည်ရှိပြီး ကောလင်းမြို့ကနေ စစ်ဘေးရှောင်လာတဲ့ ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေ နေထိုင်သွားလာရာ နေရာတွေလည်းဖြစ်တယ်လို့ သိရပါတယ်။

အင်းတော်ဒေသခံတစ်ဦးက လက်ရှိစစ်ကြောင်းရောက်ရှိနေတဲ့ နေရာနဲ့ ရှေ့ဆက်သွားနိုင်တဲ့ လမ်းကြောင်းအခြေနေကို အခုလို ခန်းမှန်းပြီးပြောပြပါတယ်။

“စစ်ကြောင်းကတော့ ကောလင်းမြို့နယ်ထဲရောက်ပြီ။ ဒိုးပင်ရွာ၊ ပေါက်ကုန်းရွာဘက်ရောက်တာ။ ဒီမှာတော့ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရတယ်။ ဒိုးပင်၊ ပေါက်ကုန်းဆိုတာက အင်းတော်ဒေသနဲ့ သိပ်တော့မဝေးသေးဘူး။ နေပူတောင်ဆိုတဲ့ တောင်ကြီးတော့ ခြားထားတယ်။ ဒီရွာတွေက အဲဒီတောင်ခြေမှာရှိပါတယ်”လို့ သူက ပြောပါတယ်။

ဒိုးပင်နဲ့ ပေါက်ကုန်းကျေးရွာတွေကနေ ဆက်လက်သွားမယ်ဆိုရင် ကျွန်းတော၊ ပဒုမ္မာကျေးရွာတွေကို ဖြတ်သန်းပြီး ကျောက်တန်း နဲ့ ကုက္ကိုလ်ကုန်းရွာတွေဘက်ကို ရောက်ရှိနိုင်တာကြောင့် စစ်ကြောင်းဟာ မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ဆက်လက်စစ်ရေးလှုပ်ရှားလာတဲ့အခြေအနေဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်းမှာလည်း ကောလင်းမြို့နယ် ဒိုးပင်တောင်ရိုး ရှုခင်းသာနေရာအနီး ကျောင်းကုန်းဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တွေ့ဆုံခဲ့တဲ့ စစ်ဘေးရှောင်ပြည်သူ ၃ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ Kawlin Revolution က ထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေထဲမှာ ကျောင်းကုန်းကျေးရွာကနေ စစ်ဘေးရှောင်လာတဲ့ အသက် ၄၀ အရွယ် ဒေါ်သင်းသင်းလှနဲ့ ထီးချိုင့်မြို့နယ် ကနေ စစ်ဘေးရှောင်လာတဲ့ အသက် ၃၀ ဝန်းကျင် ကိုကြက်ရိုးတို့ ပါဝင်ပြီး အမည်မသိရသေးတဲ့ အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်သင်းသင်းလှရဲ့ ခင်ပွန်းဖြစ်သူ ဦးစက်ကြည်ကတော့ လက်မောင်းသေနတ်ဒဏ်ရာရရှိပြီး ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီအခြေနေကို KNG ကသီးခြားအတည်ပြုနိုင်ဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။

ဒီစစ်ကြောင်းတွေရောက်ရှိလာပြီးနောက်ပိုင်း မြေပြင်တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားလာတာ ကြောင့် အင်းတော်နဲ့ ထီးချိုင့်အစပ်က ဘုဓလက်၊ ညောင်ကုန်း၊ အိုက်မ၊ ကျောင်းကုန်း၊ စကားပင်၊ ပိန္နဲကုန်း၊ ကျောက်ဆင်၊ ကျောက်အိုက်နဲ့ ကွမ်းတုံကျေးရွာတွေအပါအဝင် အနီးတစ်ဝိုက်ကျေးရွာတွေက ဒေသခံတွေဟာဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

လက်တလောမှာတော့ စစ်ကြောင်းဟာ ကောလင်းမြို့နယ်အရှေ့ခြမ်း မန္တလေး–မြစ်ကြီးနား ဧရာဝတီမြစ်အနောက်ဘက် လမ်းပိုင်းကိုရောက်ရှိလာတာကြောင့် အဲ့ဒီဒေသမှာရှိတဲ့ ဒေသခံတွေပါထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာလဆန်းပိုင်းကတည်းက အင်အား ၅၀၀ ကျော်နဲ့ အင်းတော်မြို့နယ်ကနေ စစ်ကြောင်းထိုး လာခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ စစ်ကြောင်းနှစ်ကြောင်းခွဲကာ တစ်ကြောင်းကို ဝန်းသိုမြို့နယ်ဘက်၊ နောက်တစ်ကြောင်းကို အင်းတော်မြို့နယ်အဆုံးနဲ့ ထီးချိုင့်မြို့နယ်အစပ်ဘက် ဦးတည်စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button