တိုက်ပွဲသတင်း

တိုက်ပွဲဆက်ဖြစ်နေချိန် ဖားကန့်ဒေသခံများ အစိုးရနယ်အတွင်းပိတ်မိနေဆဲ

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်နှင့် အစိုးရ၏တပ်ဖွဲ့တို့အကြား ဇန်နဝါရီလ ၁၇ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီခန့်ထိ တိုက်ပွဲ ဆက်လက် ဖြစ်ပွားကာ ပိတ်မိနေသော ဘောင်ဘာလေ ဒေသခံများလည်း ပိတ်မိနေဆဲ ဖြစ်သည်ဟု KIA နှင့် ဖားကန့်ဒေသခံများက ပြောသည်။

ဇန်နဝါရီလ ၁၅ ရက်မှစတင်၍ KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့နှင့် အစိုးရ၏ တပ်မ ၆၆ လက်အောက်ခံ တပ်တို့အကြား သုံးရက်မြောက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

“မနက် ၉ နာရီကနေ ခုချိန်ထိ ဒီနေ့ တစ်နေကုန် တိုက်ပွဲ ဖြစ်တယ်။ အောင်ဘာလေရွာသားတွေကို သူတို့ လူသားဒိုင်း လုပ်တယ်။ ကျနော်တို့က လူထုကိုထိမှာ စိုးလို့ မပစ်ဘူး” ဟု KIA တပ်ရင်း ၆ တပ်ရင်းမှူး တန်ဆိုင်းက ပြောသည်။

ဖားကန့်မြို့ပေါ်မှ ဘာသာရေးခေါင်းဆောင်များက ဇန်နဝါရီလ ၁၇ ရက် နံနက်ပိုင်းမှစတင်၍ ဖားကန့်၊ ဆိုင်းတောင်တို့မှ ကားအစီးပေါင်း ၁၀၀ ကျော်နှင့်အတူ အောင်ဘာလေ ရွာသားများကို ကယ်ဆယ်ရန် သွားရောက်ခဲ့သော်လည်း အစိုးရ စစ်တပ် ခွင့်ပြုခြင်း မရှိသဖြင့် ယနေ့ ညနေထိ ကယ်ထုတ်နိုင်ခြင်း မရှိသေးပေ။

ယနေ့ နံနက်ပိုင်းတွင် လုံးခင်း ဘုရားကျောင်းတွင် ကား အစီး၁၀၀ ခန့်သည် အဆင့်သင့် စောင့်ဆိုင်းနေကာ အစိုးရစစ်တပ်နှင့် ညပိုင်းတွင် သွားခွင့်ပြုလိုက်သော်လည်း ရွာသားများအား ခေါ်ယူနိုင်ခြင်း မရှိသေးကြောင်း ဖားကန့်မြို့ခံ ဦးဇော်တူးက ပြောသည်။

“နေ့လည်လောက်က သူတို့ကို သွားခွင့်ပြုလိုက်ပြီ။ ဆိုင်းရာမှာ စုထားတယ်။ ဟိုဘက်ကမ်းက (အောင်ဘာလေ) ရွာသားတွေကိုတော့ ဒီဖက်ကမ်းကို မဖြတ်ခိုင်းသေးဘူး၊ ခုညနေထိ ရွာသားတွေကို ခေါ်လို့ မရသေးဘူး” ဟု သူက ပြောသည်။

ယနေ့ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ကာ ပိတ်မိနေသော အောင်ဘာလေ ကျေးရွာသားများအား ခေါ်ယူရန် ဖားကန့်မှ ဘာသာရေးခေါင်းဆောင်များက ကြိုးပမ်းခဲ့သော်လည်း ညနေထိ ပြန်လည် ကယ်ဆယ် နိုင်ခြင်း မရှိသေးကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) တာဝန်ခံ ကိုစာဂျီးက ပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက် ညနေပိုင်းတွင် ရွာသားများကိုထွက်ခွင့်ပြုလိုက်သော်လည်း နောက်ပိုင်းတွင် ထွက်ခွင့်မပြုဘဲရွာသားများကို အကာအကွယ်အဖြစ် အစိုးရ စစ်တပ်ကအသုံးပြုနေခြင်း ဖြစ်သည်ဟု ကိုစာဂျီးက သုံးသပ်ပြောဆိုသည်။

“မနေ့ကလွတ်လိုက်တယ် ပြောပြီး ပြန်မလွတ်တော့ဘူးတဲ့။ ကေအိုင်အေ ဘက်ကနေ ပြန်ခုခံတဲ့သဘော ထင်တယ်။ ရွာသားတွေကို အစိုးရ စစ်တပ်က မလွတ်တော့ဘူး။ cover (အကာအကွယ်) ပြန်လုပ် လိုက်တာပေါ့။ ဟိုဘက်က ကေအိုင်အိုတွေက ကိုယ့်လူတွေ ရှိနေတော့ မပစ်တော့ဘူးလေ။ အဲဒါကို သိလို့ မလွတ်ဘူး” ဟု သူကပြောသည်။

ထိုသို့ အစိုးရတပ်ဖက်မှ အောင်ဘာလေဒေသခံများကို ခေါ်ယူခွင့်မပေးပဲ ပိတ်ထားချိန်တွင်း ၎င်းတို့ကို ပေါ်တာဆွဲခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများပြုလုပ်ကာ တိုက်ပွဲတွင် နက်သဖွယ်အသုံးပြုမည်ကို ကယ်ဆယ်ရေးအတွက်အခြေနေစောင့်ကြည့်သူများက စိုးရိမ်နေကြသည်။

 

Show More

Related Articles

Back to top button