တိုက်ပွဲသတင်း

ပိတ်မိနေသော ရွာသားများ ရိက္ခာပြတ်လပ်တော့မည်

ဖားကန့်မြို့နယ် သန်းဂေါင် (အောင်ဘာလေ) ကျေးရွာအနီး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် အစိုးရ စစ်တပ်တို့အကြား ဇန်နဝါရီလ ၁၈ ရက် လေးရက်မြောက် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး ပိတ်မိနေသော ဒေသခံ ရွာသားများ စားနပ်ရိက္ခာ ပြတ်လပ်တော့မည် ဖြစ်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) မှ တာဝန်ခံ ကိုစာဂျီက ပြောသည်။

လေးရက်မြောက် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး သန်းဂေါင် (အောင်ဘာလေ) ကျေးရွာသား ၁၀၀၀ ခန့်သည် ပိတ်မိနေဆဲဖြစ်၍ မကြာမီ စားနပ်ရိက္ခာ အခက်အခဲ ရှိလာတော့မည် ဖြစ်ကြောင်း သူက ကချင်သတင်းဌာန ကို ပြောသည်။

“ရွာသားတွေက ဒုက္ခရောက်နေကြတယ်။ အစားအသောက်လည်း ခက်လာတော့မယ်။ ဒီမနက် ကျနော်ကို ရွာသားတယောက် ဖုန်းဆက်ပြောလာတဲ့အတိုင်းဆို ဆန်အိတ် ၂၀ လောက်ဘဲ ရှိတော့တယ်။ ဘုရားကျောင်း မှာ ချက်ကျွေးတာ တရက်မှာ ဆန်အိတ် (၁၇) အိတ် ချက်ရတယ်။ အခုက (၂၀) လောက်ဘဲ ရှိတော့တယ် ဆိုတော့ မနက်ဖြန်၊ တဖက်ခါဆို စားဖို့ ခက်ခဲလာတော့မယ်။ ဆက်နေဖို့ ခက်တော့မယ်” ဟု သူက ပြောသည်။

ဇန်နဝါရီလ ၁၅ ရက်မှစတင်၍ သန်းဂေါင်ကျေးရွာသားများကို အစိုးရ စစ်တပ်က ရွာမှ ထွက်ခွာခွင့် မပြုဘဲ ထိန်းသိမ်း ထားပြီးနောက် ယခုတွင်မူ အဆိုပါ ရွာသားများနှင့်အတူ ဂင်စီကျေးရွာသား အပါအဝင် ၁၀၀၀ ကျော်ကိုလည်း ဆိုင်းရာကျေးရွာတွင် ဆက်လက် ထိန်းသိမ်းထားသည်ဟု သူက ပြောသည်။

စစ်တပ်က အဆိုပါ ရွာသးများအား ဆိုင်းရာကျေးရွာမှ ဆင်းခွင့်မပြုသလို၊ ထိုရွာသားများအား ကယ်ဆယ်ရန် အတွက် ဖားကန့်မြို့မှ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များကိုလည်း ယနေ့ ဇန်နဝါရီလ ၁၈ ရက်ထိ ဆန်ခါကျေးရွာရှိ အစိုးရ ဂိတ်က ဖြတ်သန်းခွင့် မပြုသေးကြောင်း သူက ဆိုသည်။

ယင်းကျေးရွာသားများထဲတွင် မူလတန်းမှ အလယ်တန်းထိ ကျောင်းသား ၂၀၀ ခန့်နှင့် ဆရာ၊ ဆရာမ ၂၁ ဦးလည်း ပါဝင်နေသဖြင့် မကြာမီ စာမေးပွဲ နီးကပ်လာပြီ ဖြစ်သော်လည်း ကျောင်းများ ပိတ်ထားရသဖြင့် ကျောင်းသားများပါ ဒုက္ခရောက်နေရသည်ဟု ကိုစာဂျီးက ဆက်လက် ပြောဆိုသည်။

ပိတ်မိနေသော ရွာသားများအရေးနှင့် KIA က ဖမ်းဆီးထားသော ကချင်ပြည်နယ် အစိုးရ ရဲတပ်ဖွဲ့ သုံးဦးအား ဖားကန့်မြို့နယ် အစိုးရသို့ ပြန်လည် လွဲပြောင်းပေးရန်အတွက် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) က ယနေ့ ဇန်နဝါရီလ ၁၈ ရက်တွင် ဖားကန့်မြို့သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ဇန်ဝါရီလ ၁၄ ရက်က မိုးကောင်း-ကာမိုင်း-ဖားကန့် လမ်းကို သွားရောက် စစ်ဆေးကြည့်ရှုသည့် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော် နှင့်အတူ လိုက်ပါသွားသည့် လုံခြုံရေးတပ်ဖွဲ့ သုံးဦးအား ဖားကန့်မြို့ ဟွေလုံကျေးရွာအနီးတွင် ထိန်းသိမ်းခဲ့ပြီးနောက် ဇန်နဝါရီလ ၁၅ မှစတင်၍ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သည်။

ယနေ့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသော်လည်း အသေးစိတ်ကို မသိရသေးကြောင်း၊ ကျေးရွာသားများလည်း ဆက်လက် ပိတ်မိနေဆဲ ဖြစ်သည်ဟု KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့မှ ကချင်စစ်ပြေးဒုက္ခသည်များ ကူညီရေးကော်မတီမှ တာဝန်ခံဟောင်း ဦးဒွဲပီဆာက ပြောသည်။

Show More

Related Articles

Back to top button