ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

KIA ဖမ်းဆီးထားသော အစိုးရဲတပ်ဖွဲ့ဝင် ၃ ဦးကို လွှဲပြောင်းပေး

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က ဖမ်းဆီးခဲ့သော အစိုးရ ရဲတပ်ဖွဲ့ သုံးဦးကို ဇန်နဝါရီလ ၁၉ ရက် ညနေတွင် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)မှတဆင့် ဖားကန့်မြို့နယ် အစိုးရထံ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့(PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ဇန်နဝါရီလ ၁၄ ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်၏ လမ်းကြောင်းတွင် လိုက်ပါသွားသော လုံခြုံရေးတပ်ဖွဲ့မှ ဒုရဲအုပ်မြင့်စိုး အပါအဝင် သုံးဦးကို ဝှေလုံကျေးရွာ အနီးတွင် ဖမ်းဆီးထိန်းသိမ်းထားရာမှ ငါးရက်ကြာမြောက်နေ့ ဇန်နဝါရီလ ၁၉ ရက် ညနေ ၆ နာရီကျော်တွင် ဖားကန့်မြို့နယ် ရဲမှူးနှင့် အုပ်ချုပ်ရေးမှူးတို့ လက်ထဲ လွှဲအပ်လိုက်ပြီ ဖြစ်သည်။

“အခုဘဲ ကျနော်တို့ကို ခေါ်လာပြီးတော့ ၆ နာရီ ၁၅ မှာ ဖားကန့်မြို့နယ် ရဲစခန်းမှာ လွှဲအပ်လိုက်ပြီ၊ မြို့နယ် ရဲမှူးရယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးတို့ရဲ့ လက်ထဲမှာ လွှဲအပ်ပေးလိုက်ပါပြီ” ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ဇန်နဝါရီလ ၁၉ ရက် နံနက်ပိုင်းက ဖားကန့်မြို့တွင် PCG ကိုယ်စားလှယ်များသည် အစိုးရ၏ တပ်မ ၆၆ တပ်ရင်းမှူးနှင့် တွေ့ဆုံ၍ ဖမ်းဆီးထားသော ရဲတပ်ဖွဲ့ သုံးဦးအား လွှဲပြောင်းပေးရန် ညှိနှိုင်းခဲ့ပြီး KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ဒေသ Ja Ra Yang ကျေးရွာသို့ သွားရောက်ခေါ်ယူ၍ PCG မှ တဆင့် အစိုးရ လက်ထံ ပြန်လည် လွှဲပြောင်းလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် ပိတ်မိနေသော သန်းဂေါင် (အောင်ဘာလေ) ကျေးရွာသားများကိုလည်း သွားရောက် ခေါ်ယူရန် တပ်မ ၆၆ တပ်ရင်းမှူးက ခွင့်ပြုလိုက်သဖြင့် မနက်ဖြန် ဇန်နဝါရီလ ၂၀ ရက်တွင် အဆိုပါ ကျေးရွာသားများအား PCG ကိုယ်စားလှယ်များ သွားရောက် တွေ့ဆုံမည် ဖြစ်ကြောင်း သူက ပြောသည်။

“ရွာသားတွေကို သွားခေါ်ဖို့ ခွင့်ရပြီ။ ဒါပေမဲ့ ရွာသားတွေက ဒီကို မဆင်းလာချင်ဘူး။ သူတို့ အောင်ဘာလေရွာ မှာဘဲ ပြန်သွားမယ်လို့လည်း ပြောတယ်။ ဒါဆိုရင် ကျနော်တို့ ရွာသားတွေကို အရင် သွားမေးကြည့်မယ်ဆိုပြီး ညှိနှိုင်းထားတယ်” ဟု ပြောသည်။

ယင်းရဲတပ်ဖွဲ့ သုံးဦးကို ဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့ ဇန်နဝါရီလ ၁၅ ရက်မှ စတင်၍ အစိုးရ စစ်တပ်က KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ရှိ သန်းဂေါင် (အောင်ဘာလေ) ကျေးရွာအနီးသို့ ထိုးစစ်ဆင်လာ သဖြင့် ဇန်နဝါရီလ ၁၈ ရက်ထိ နေ့စဉ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ယနေ့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားမှု ရှိမရှိကိုမူ မသိရသေးပေ။

ထိုစစ်ပွဲအတွင်း ပိတ်မိနေသော ရွာသားများအား ဖားကန့်မြို့မှ ဘာသာရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများက သွားရောက် ကယ်ဆယ်ရန် ဆန်ခါကျေးရွာရှိ အစိုးရ စစ်တပ်က ခွင့်မပြုသဖြင့် ယနေ့ထိ ခေါ်ယူနိုင်ခြင်း မရှိသေးကြောင်း ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဒရှီလဆိုင်းက ပြောသည်။

တိုက်ပွဲများ ပြင်းထန်လာသဖြင့် KIA ပဋိပက္ခ ညှိနိုင်းရေးအဖွဲ့က အစိုးရ၏ ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင်ထံ ၎င်းတို့ သုံးဦးအား တမင်ရည်ရွယ်၍ လုပ်ဆောင်ခြင်း မဟုတ်ကြောင်းနှင့် တပ်ရင်း ၆ ဌာနချုပ်အား ထိုးစစ်ဆင်တိုက်ခိုက်နေမှုကို အလျင်အမြန် ရပ်တန့်ပြီး အပြန်အလှန် ဆက်သွယ်ညှိနှိုင်း အဖြေရှာရန်အတွက် ဇန်နဝါရီလ ၁၅ ရက်က တောင်းဆိုထားသည်။

တိုက်ပွဲများကြောင့် ဖားကန့်မြို့ရှိ ကျောက်စိမ်းကုမ္ပဏီများ ရပ်ဆိုင်းထားသည်ကို လက်လုပ်လက်စား ရေမဆေးကောက်သူများက ကုမ္ပဏီအား ဝင်ရောက်၍ ကျောက်စိမ်းရှာခြင်း၊ ကုမ္ပဏီရှိ အဆောက်အအုံများ ဖျက်ဆီးခြင်းများ ပြုလုပ်လာသဖြင့် ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးက ဖားကန့်မြို့ရှိ ရပ်မိရပ်ဖများအား ခေါ်ယူ၍ အစည်းအဝေး တစ်ရပ် ကျင်းပကာ တည်ငြိမ်အေးချမ်းမှုကို ဝိုင်းဝန်းထိန်းသိမ်းကြရန် ပြောဆိုခဲ့သည်ဟု ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဒရှီလဆိုင်းက ပြောသည်။

Show More

Related Articles

Back to top button