လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကချင်နှစ်ခြင်းခရစ်ယာန် စေတနာ့ဝန်ထမ်း ဆရာမ ၂ ဦး အစိုးရစစ်တပ် အဓ္ဓမပြုကျင့် သတ်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆန်းမြို့နယ် နမ်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာတွင် အသက် ၂၀ နှစ်အရွယ် နှင့် အသက် ၂၁ နှစ်အရွယ်ရှိ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ ၂ ဦးတို့ကို ဇန်နဝါရီလ ၁၉ ရက်ညက အစိုးရ စစ်တပ်မှ အဓမ္မပြုကျင့် သတ်ခံခဲ့သည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) နှင့် ကောင်ခါးကျေးရွာ အုပ်ချုပ်ရေးမှူးတို့က ပြောသည်။

ဆရာမ ၂ ဦးအား အဓ္ဓမပြုကျင့် သတ်ထားသည်ကို ၎င်းတို့နေထိုင်သည့် ကောင်းခါး ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းရှိ အိမ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မူဆယ်မြို့နယ် KBC မှ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဆရာဇော်ရာက ပြောသည်။

“အခုတော့ ဆရာဝန်ဆေးစစ်ချက် ယူနေတယ်။ သူတို့တွေက ကျနော်တို့ ကေဘီစီက လွတ်လိုက်တဲ့ ဆရာမတွေပါ။ မနေ့က ၁၂ နာရီလောက်မှာ ဖြစ်တယ် ကျောင်းဝင်းထဲက ဆရာမတွေ နေဖို့ ဆောက်ထားတဲ့ အိမ်မှာဘဲ သေတာ။ ဘယ်လို ဆက်လုပ်မယ်ဆိုတာ ကေဘီစီ အထွေထွေအတွင်းရေးမှူးနဲ့ မိသားစုက မနက်ဖြန် ရောက်လာပြီး လူထုနဲ့ သဂြိုလ်မယ်”

ဇန်ဝါရီလ ၁၉ ရက်ညက ဆရာမ ၂ ဦးတို့သည် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇင်ထုန်းလ နေအိမ်တွင် ပြုလုပ်သော မွေးနေ့ပွဲသို့ သွားရောက်၍ ည ၁၀ နာရီကျော်ချိန်တွင် ၎င်းတို့နေအိမ်မှ ပြန်သွားခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇင်ထုန်းလ က ပြောသည်။

ယနေ့ နံနက် ၉ နာရီတွင် ယင်းတို့ နှစ်ဦး သေဆုံးနေသည်ကို ကျောင်းဝင်းရှိ ကောင်းခါး နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းမှ အထွေထွေ အတွင်းရေးမှူး ဒေါ်နန်ဆိုင်းက သွားရောက် ခေါ်ယူခဲ့ရာမှ သူတို့ သေဆုံးနေသည်ဟု သိခဲ့ရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“မနေ့က ကျနော့် အိမ်မှာ ကလေးမွေးနေ့ရှိလို့ လာပြီးနောက် ကျနော့်နေအိမ်ကနေ ၁၀ နာရီခွဲလောက်မှာ ပြန်သွားတယ်။ သေဆုံးနေတာက ဒီမနက် ၈ နာရီကျော် ၉ နာရီလောက်မှာ ကျောင်းသားတွေက ဆရာမတွေကို စောင့်နေလို့ ကျောင်းဝင်းထဲမှာနေတယ် သွားခေါ်ကြည့်မှ သေနေတာ တွေ့ရတယ်” ဟု သူကပြောသည်။

သေဆုံးသူနှစ်ဦးသည် ၁၀ တန်းအောင်ထားသူများဖြစ်ပြီး ဆရာမ တဦးသည် ကချင်ပြည်နယ် ဝိုင်းမော်မှ ဖြစ်ပြီးကျန် တဦးမှာ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင် ဒုက္ခသည်စခန်းမှဖြစ်ကြကာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ ပညာရေး စေသနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူများ ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ဆရာမ နှစ်ဦးအား မူဆယ်ဆေးရုံသို့ သွားရောက် စစ်ဆေးခဲ့ပြီး သေမှုသေခင်းနှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၀ ရက်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားများက အစိုးရ၏ ကောင်းခါး ရဲစခန်းသို့ သွားရောက် အမှုဖွင့်တိုင်ကြားခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇင်ထုန်းလ ပြောသည်။

“ကျနော်တို့ ရွာမှာ အစိုးရ စစ်တပ်က အခြေချတာ ၂ ရက်လောက်ရှိပြီ။ သူတို့ လာနေတဲ့ အချိန်လည်း ဖြစ်နေတယ်။ ခြေရာတွေကြည့်ရင် စစ်တပ်ကစီးတဲ့ ခြေရာတွေ တွေ့ရတယ်” ဟု သူက ပြောသည်။

ပြီးခဲ့သည့် နှစ်ရက်ခန့်က ကောင်းခါးကျေးရွာတွင် မြန်မာအစိုးရ၏ ခမရ ၅၀၃ တပ်တို့ လာရောက် အခြေချနေသဖြင့် သေဆုံးသူများ နေအိမ်အနီးအနားတွင် တွေ့ရသော ဖိနပ် ခြေယာများသည်လည်း စစ်တပ် စီးထားသည့် ဖိနပ်ခြေရာများ တွေ့နေရသည်ဟု သူက ဆိုသည်။

နမ်တောင်းကျေးရွာသားတစ်ဦးက ရေးသားပေးပို့သော ဆရာမနှစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ အကြောင်းကြားသော စာတွင် ကျေးရွာတွင် အခြေချနေသော စကခ-၁ တပ်ရင်း ခမရ ၅၀၃ က တပ်ဖွဲ့များ ဖြစ်သည်ဟု သိရှိရကြောင်းနှင့် အုပ်စုလိုက်အဓ္ဓမပြုကျင့်ကာ ဓါးမြောင်ဒဏ်ရာများဖြင့် သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်း အစိုးရ စစ်တပ်က အခြေချနေသဖြင့် ဆရာမ ၂ ဦးသည် ၎င်းတို့နေထိုင်ရာ နေအိမ်နှင့် အိမ်နီးချင်းအိမ်များ ဝေးသောကြောင့် လုံခြုံရေးအတွက် စိုးရိမ်ကာ အခြား အိမ်နီးချင်း နေထိုင်ရာနေရာတွင် အိပ်ခဲ့သော်လည်း အခင်းဖြစ်ပွားသော ညတွင်မူ နေအိမ်တွင်သာ အိပ်ခဲ့ရာမှ ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု နမ်တောင်းဒေသခံများပြောသည်။

ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့် ၂၀၁၁ ခုနှစ်မှ အစိုးရစစ်တပ်သည် ဒေသခံအမျိုးသမီးများအပေါ် အဓ္ဓမပြုကျင့် သတ်ဖြတ်မှုများ မကြာခဏဖြစ်ပွားလာနေခြင်းဖြစ်သည်။

 

Show More

Related Articles

Back to top button