စစ်ပြေးဒုက္ခသည်များသတင်း

စစ်ပွဲအတွင်း ပိတ်မိနေသော ရွာသားများကို တွေ့ဆုံကူညီရန် PCG အား အစိုးရတပ် ခွင့်မပေး

ဖားကန့်မြို့နယ် တိုက်ပွဲအတွင်း ပိတ်မိနေသော သန်းဂေါင် (အောင်ဘာလေ) ကျေးရွာသားများအား အစိုးရစစ်တပ်က အကူညီပေးမည့်အဖွဲ့အများအပါအဝင် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် (PCG) ကိုယ်စားလှယ်များကိုလည်း သွားရောက်တွေ့ဆုံခွင့် မပေးသောကြောင့် ၎င်းတို့အတွက် ရိက္ခာပြတ်လပ်မှုအခက်ခဲ စိုးရိမ်စရာရှိသည်ဟု PCG မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ဇန်နဝါရီလ ၁၅ ရက်မှ ၂၀ ရက်ထိ ခြောက်ရက်ကြာ အစိုးရ စစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)စစ်တပ်တို့အကြား တိုက်ပွဲအတွင်း ပိတ်မိနေသော ရွာသား ၁၀၀၀ ကျော်ကို သွားရောက် တွေ့ဆုံရန် အစိုးရ စစ်တပ် တပ်မ ၆၆ တပ်မမှူးက ခွင့် မပြုခြင်း ဖြစ်သည်။

“တပ်မမှုးက မသွားခိုင်းစေချင်ဘူး။ လုံခြုံရေးအရ တာဝန်မယူပေးနိုင်ဘူးလို့ ပြောလို့ မသွားတွေ့နိုင်တော့ဘူး။ လမ်းမိုင်းရှင်းအုန်းမယ် ဆိုပြီး မသွားခိုင်းဘူး၊ ရွာသားတွေက အစားအသောက် ခက်နေပြီ။ ဘယ်လိုလုပ်မလဲလို့ မေးတော့ အစားအသောက်က သူတို့ တပ်မက တာဝန်ယူမယ်လို့ ပြောတယ်။ ဘယ်လောက် တာဝန်ယူမလဲ မသိဘူး” ဟု ဦးလမိုင်ဂွမ်ဂျာက ကချင်သတင်းဌာနကို ပြောသည်။

ယခုချိန် အောင်ဘာလေရွာသား ၁၀၀၀ ကျော်သည် တိုက်ပွဲများကြောင့် ရွာအနီး ဂင်ဆီကျေးရွာသို့ ဆက်လက်ထွက်ပြေးခိုလှုံနေပြီဖြစ်သော်လည်း အစိုးရက ၎င်းတို့ကို ပိတ်ပင်ထားဆဲဖြစ်သောကြောင့် စားနှပ်ရိက္ခာလုံလောက်မှုမရှိပဲ အခက်ခဲရင်ဆိုင်နေရသည်ဟု ဖားကန့်မှ ကချင်နှစ်ခြင်းခရစ်ယာန် ဆရာတဦးပြောသည်။

“တိုက်ပွဲဖြစ်တဲ့ချိန် ဘုရားကျောင်းထဲမှာပုန်းနေကြတဲ့ အောင်ဘာလေရွာသားတွေဖက်မှာ ကျည်ဆံတွေကျလာတော့ ရွာသားတွေက ကယ်ကြပါအုံး ကယ်ကြပါအုံးဆိုပြီး အော်ဟစ်လာကြတယ်။ သက်ကြီးတွေကအစ အော်ငိုပြီး အကူညီတောင်းလာတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း ဒါဆို ထွက်လာဖို့ သတ္တိရှိရင် ကိုယ့်ပစ္စည်းအထုတ် အပိုးတွေသယ်ပြီး ထွက်လာကြပါ ရသလောက် ထွက်လာကြပါ ဆိုပြီးပြောတော့ အယောက် ၄၀၀ ကျော် ထွက်လာကြတယ် သူတို့ လမ်းမှာ အစိုးရတပ်တွေ ၂ နာရီကျော် တားထားသေးတယ်။ အဲဒါကို တပ်မဖက်ကို ပြန်ပြီးညှိနှိုင်းပေးပြီးမှ ပြန်လွှတ်ပေးခဲ့တယ်”

ယခုချိန်တွင် အောင်ဘာလေရွာသားများသည် တိုက်ပွဲဖြစ်နေသည့်ကျေးရွာမှ အနီးရှိ ဂင်ဆီကျေးရွာဖက်သို့ ထွက်ပြေးခိုလှုံရန် အစိုးရနှင့်ညှိနှိုင်းပေးနိုင်ခဲ့သော်လည်း ကိုယ်လွှတ်ထွက်ပြေးလာသော ဒုက္ခသည်များအတွက် အကူအညီများ အရေးပေါ်လိုအပ်နေဆဲဖြစ်သည်ဟု ဆက်ဆိုသည်။

“နောက်ကျန်တဲ့ ၇၀၀ ကျော်ကိုလည်း ပြန်ညှိနှိုင်းပြီး ခေါ်ထုတ်ထားတယ်။ အခုသူတို့ ဂင်ဆီဘုရားကျောင်း ၄ ကျောင်းမှာ ခိုလှုံနေကြတယ်။ သူတို့အတွက် အစားအသောက်တွေ အရမ်းခက်ခဲနေတယ်။ အယောက် ၁၀၀၀ ကျော် ထွက်ပြေးလာတော့ အခုက ဂင်ဆီကျေးရွာသားတွေလည်း အလိုလိုနေရင်း ဒုက္ခသည်ဖြစ်သွားတာပေါ့။ အရမ်းခက်ခဲနေတယ်လို့ပြောလို့ လိုအပ်တဲ့အစားအစာတွေ အဝတ်တွေ စောင်တွေ ဆေးဝါးတွေ အကူညီပစ္စည်းတွေစုထားတာ လုံးဝတွေ့ ခွင့် မပေးဘူး၊ သတ္တိရှိရင်တော့တက်လာပေါ့ လုံခြုံရေး မပေးနိုင်ဘူးလို့ ပြောတယ်”

ဖားကန့်မြို့မှ ဘာသာရေးခေါင်းဆောင်များက ယင်းရွာသားများကို ခေါ်ယူရန် ဆန်ခါကျေးရွာထိ သွားရောက်၍ အစိုးရ စစ်တပ်ထံ ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း သွားခွင့် မရခဲ့သဖြင့် PCG က ရွာသားများကို သွားရောက် တွေ့ဆုံရန် ညှိနှိုင်းဆွေးနွေးခဲ့သော်လည်း သွားရောက်တွေ့ဆုံခွင့်မရခဲ့ခြင်းကြောင့် ပြန်လှည့်လာခဲ့ရကြောင်း သိရသည်။

ဇန်နဝါရီလ ၁၉ ရက်က PCG ကိုယ်စားလှယ်များသည် ဖမ်းဆီးခဲ့သော ကချင်ပြည်နယ် အစိုးရ ရဲတပ်ဖွဲ့ သုံးဦးအား KIA ထံမှ ခေါ်ယူ၍ ဖားကန့်မြို့နယ် ရဲမှူးနှင့် အုပ်ချုပ်ရေးမှူးတို့ထံ လွှဲပြောင်းပေးခဲ့သည်။

ယင်းရဲတပ်ဖွဲ့ သုံးဦးအား ဖမ်းဆီးခဲ့ပြီးနောက် အစိုးရ စစ်တပ်က KIA ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ဒေသသို့ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသဖြင့် ဇန်နဝါရီလ ၁၅ ရက်မှစတင်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းပိတ်မိနေသော ကျေးရွာသားများထဲတွင် စီးပွားရေးလုပ်ငန်းသွားရောက် လုပ်ကိုင်နေသူများနှင့် တရုတ်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံသူ တရုတ်နိုင်ငံသား ရာဂဏန်း ပါဝင်နေသည်ဟု ဇန်နဝါရီလ ၁၉ ရက်ထုတ် တရုတ်နိုင်ငံမှ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော Global Times သတင်းစာတွင် ဖော်ပြထားသည်။

ဆက်လက်၍ ယနေ့နံနက်ချိန်ထိ လက်နက်ကြီးများပစ်ခတ်သံနှင့် သေနတ်သံများကြားနေရဆဲဖြစ်ပြီး အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ကြား တင်းမာနေဆဲဖြစ်သည်ဟု ဖားကန့်ဒေသခံများ ပြောသည်။

Show More

Related Articles

Back to top button