သတင်း

ဆန်ပြတ်လတ်သော ဆော့လော်မြို့နယ်သို့ ပြည်ထောင်စုအစိုးရမှ ဆန်တင်ပို့

Covid-19 ကူးစက်ရောဂါကြောင့် တရုတ်နယ်စပ် နယ်နမိတ်အတွင်း လမ်းကြောင်းပိတ်ဆို့လိုက်သောကြောင့် ဆန်ပြတ်လတ်သွားသော ကချင်ပြည်နယ် ဆော့လော်ဒေသခံများအတွက် ပြည်ထောင်စုအစိုးရမှ ပထမအကြိမ် ဆန်အိတ်ပေါင်း တစ်ထောင်ကျော် ထောက်ပံ့ထားကြောင်း သိရသည်။

အဆိုပါ ဆန်အိတ်ပေါင်း တစ်ထောင်ကျော်အား ကချင်ပြည်နယ်ဘေးအန္တာရယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ယူကာ ဝယ်ယူပေးမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မားဝူ ပြောသည်။

“လောလောဆယ် မိုးတွင်းကာလအတွက်ကတာ့ သိပ်စိုးရိမ်စရာ မလိုတော့ဘူးလို့ထင်ပါတယ်။ ရောဂါဖြစ်လို့တရုတ်ဘက်က နယ်စပ်ဂိတ်တွေပိတ်လိုက်တဲ့ချိန်ကျတော့ ဆော့လော်ပြည်သူတွေအတွက် အစားသောက်ရမ်းကိုခက်ခဲသွားပါတယ်။ အစ်မကလည်း အရမ်းစိုးရိမ်စိတ်တွေ ဝင်ပြီးတော့ ပြည်ထောင်စုဘေးစီကို အကူညီတောင်းလိုက်တဲ့ချိန်ကျတော့ ဆန်အိတ်ပေါင်း ၁၄၀၀ ကူညီထားပါတယ်။” ဟု ဆော့လော်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခေါ်မားဝူ ဆိုသည်။

မိုးတွင်းကာလ မရောက်မှီ အဆိုပါ ဆန်အိတ်ပေါင်း ၁ ထောင်ကျော်ကို အရောက်ပို့နိုင်ရန် လမ်းစရိတ်အတွက် ပြည်နယ်အစိုးရထံ တောင်းခံထားသည်ဟု သိရသည်။

ယခုဆန်ထောက်ပံ့မှု ရရှိမည့် ကျေးရွာများမှာ လန်ဆယ်ကျေးရွာအုပ်စု ဆန်အိတ်(၃၀၀)၊ လကင်အုပ်စု(၁၀၀)၊ ဟန်းကောအုပ်စု(၂၀၀)၊ ထော့လန်(၂၀၀) ၊ယော်ဂျော(၁၅၀)၊ပရဲှအုပ်စု (၁၀၀)၊ ဂျရန်အုပ်စု(၅၀) ၊ကျေးရွာပေါင်း ၇ရွာမှ အိမ်ထောင်စု ၆၃၉ စုလူဦးရေ ၄၅၅၆ ဦးအား အဓိက ထောက်ပံ့ပေးမည်ဖြစ်ပြီး တစ်ဦးလျှင် ၈ပြည်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆော့လော်မြို့နယ်ရှိ ဖီမော်၊ ရှိန်းခေါင်၊ ကန်ဖန့် စသည့်ဂိတ်များသည် တရုတ်နိုင်ငံမှ တရားဝင်ဂိတ်များဖြစ်သည့်အတွက် တရုတ်အစိုးရမှ တရားဝင် ပိတ်လိုက်ပြီးနောက်တွင် ဆန်နဲ့စားသောကုန်များ ဈေးမြင့်တက်မှုရှိနေပြီး ဝယ်ယူရန်ပင် ခက်ခဲသည့် အခြေနေထိရှိနေခဲ့သည်။

ယခုအကြိမ်ပြည်ထောင်စုမှ ထောက်ပံ့သည့်ဆန်သည် သယ်ယူစရိတ်များအားလုံး ပြည်နယ်အစိုးရမှ တာဝန်ယူကာ ပို့ပေးမည်ဖြစ်ကြောင်း သိရသည်။

“ ကျမတို့ ကချင်ပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေးနဲ့ စားသောက်အခက်ခဲဆုံးက ပထမခေါင်လန်ဖူးမြို့နယ်ပြီးလို့ရှိရင် ဆော့လော်မြို့နယ်ဖြစ်တယ်။ တစ်ချို့တွေက ပြောတာတွေလည်း ရှိတယ်။ ဆော့လော်မြို့နယ်က မြစ်ကြီးနားခရိုင်ဖြစ်ပြီးတော့ ဘာလို့အဲလောက်ခက်ခဲတာလဲပေါ့။ အဓိကလမ်း ခက်ခဲရှိလို့ဖြစ်တယ်။” ဟု ဒေါ်ခေါ်မားဝူ ပြောသည်။

 

Show More

Related Articles

Back to top button