Covid-19 Reportingသတင်း

ကားမိုင်း Quarantine နေရာများတွင် စေတနာ့ဝန်ထမ်းများလိုအပ်နေ

ကားမိုင်းမြို့တွင် ၂၁ရက် Quarantine ဝင်ရောက်နေသူများကို စောင့်ကြည့်ရန်အတွက် စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်ကူညီပေးမည့်သူများမရှိသဖြင့် အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။

မိုးဦးကာလ လယ်ယာလုပ်ငန်းများ စတင်လုပ်ကိုင်ချိန်ဖြစ်လာသည့်အတွက် Quarantine Center များတွင်တာဝန်ယူစောင့်ကြည့်ပေးမည့် စေတနာ့ဝန်ထမ်းလိုအပ်နေကြောင်း ဖားကန့်ဒေသခံ သိက္ခာတော်ရဆရာ ဆိုင်းအောင်က KNG သတင်းဌာနကို ပြောဆိုသည်။

“ဒီမှာရှိတဲ့ ဒေသခံတွေ အများက လယ်ယာလုပ်ငန်းဘဲ လုပ်ကိုင်စားသောက်ကြတာပေါ့။ အခုက မိုးတွင်းဝင်ပြီဖြစ်တဲ့ အတွက်တစ်ချို့က လယ်ယာလုပ်ငန်းလုပ်ဖို့ လယ်ဝင်သွားတာများတယ်။ ရွာထဲမှာကလူခေါ်လို့လဲမရတော့ဘူး။ အဲ့ကြောင့် Quarantine Center တွေကိုတာဝန်ယူပြီး စောင့်ကြည့်ပေးဖို့လူက မရှိဘူး။ အခကြေးငွေပေးထားတာ မဟုတ်တော့ ပိုဆိုးတာပေါ့။ အားလုံးက နားလည်မှုနဲ့ ပါဝင်ကူညီပေးတာများတယ်။ အဲ့ကြောင့်ဖြစ်နိုင်ရင် တာဝန်ရှိ သူများအနေနဲ့ စောင့်ကြည့်လူတွေကို အခကြေးငွေဖြင့် ဌားပေးရင်ပိုကောင်းမယ်လို့မြင်တယ်” ဟု ပြောဆိုသည်။

စာသင်ကျောင်းအတွင်းထားရှိသည့် Quarantine Center များကို သက်ဆိုင်ရာသို့ ပြန်လည်အပ်နှံရသည့်အတွက် ကားမိုင်းမြို့၏ ၅ဖာလုံခန့်ကွာဝေးသည့်နေရာတွင် ပြန်လည်ရွှေ့ပြောင်းထားသောကြောင့် သွားလာရန်အခက်အခဲရှိနေကြောင်း သူကဆက်လက်ပြောဆိုသည်။

“Quarantine Center တစ်ခုက ကားမိုင်းမြို့ရဲ့ ဇီးကျွန်းရပ်ကွက်မှာရှိတာပေါ့။ ရွာရဲ့ချောင်းကြီးတစ်ခုကို ဖြတ်ရတာဖြစ်တယ်။ အသွားအပြန်သွားဖို့ခက်ခဲတယ်။ အဲ့ဒီကိုသွားရင် စက်လှေငှားစီးရတာဖြစ်တယ်။ အဲ့ကြောင့် တစ်ချို့က ငွေကုန်ကျခံပြီး သွားမကြည့်တာများတယ်” ဟု ပြောဆိုသည်။

ကားမိုင်းမြို့နယ်မြေတွင် Quarantine Center ၉ခု ရှိသည်ဟု သိရသည်။

အဆိုပါ Quarantine Center များတွင် အစိုးရ၏ကျန်မားရေးစောင့်ရှောက်ပေးမှု အလွန်အားနည်းနေသည်ဟု ဇွန်လ ၂၅ ရက်နေ့ ကျန်းမာရေးနှင့်ပတ်သက်ပြီး အသုံးအဆောင်ပစ္စည်းများ သွားရောက်လှူဒါန်းကူညီခဲ့သည့် ကချင်အမျိုးသမီးသမ္မဂ (KWU) အဖွဲ့မှ တာဝန်ရှိသူ ဒေါ်လမုန်ခေါန်နန် က ယလိုပြောဆိုခဲ့ပြောသည်။

“ကျမတို့အဖွဲ့အနေနဲ့ Quarantine Center တွေမှာလိုအပ်တဲ့ အသုံးဆောင်ပစ္စသည်းတွေကို သွားရောက်ပေးဝေခဲ့ တယ်။ ဒါပေမယ့် Quarantine Center ၃ နေရာမှာဘဲ သွားရောက်နိုင်ခဲ့တယ်။ အဲ့မှာ ဘာတွေမြင်ရသလဲဆိုတော့ Qaurintine ဝင်တဲ့သူတွေကို စောင့်ကြည့်မယ့် သူတွေမရှိကြဘူး။ နောက်အဲ့မှာ စောင့်ကြည့်ဖို့ထားတဲ့ ကော်မတီတွေ ကလည်း လယ်ဝင်သွားတယ်လို့ပြောနေကြတယ်။ တစ်ချို့ Q ဝင်နေတဲ့သူတွေကလည်း ကိုဗစ်-၁၉ မဟုတ်ပေမယ့် ဖျားနာနေတာတွေ လည်းတွေ့ရတယ်။ အဲ့လိုဖြစ်တဲ့အခါမှာ ကျန်မာရေးစစ်ဆေးမှုတွေကောင်းကောင်း ပြုလုပ်ပေးရမယ်ဖြစ်တယ်။ တစ်ခြားဆေးစစ်ဆေး ပေးတာတွေလည်း မတွေ့ရဘူးပေါ့” ဟု ပြောဆိုသည်။

မြစ်ကြီးနားမြို့ရှိ Quarantine နေရာများတွင်မူ မြို့အတွင်းရှိ စေတနာ့ဝန်ထမ်းများက ကူညီပေးနေသည်ဟု သိရသည်။

Show More

Related Articles

Back to top button