Covid-19 Reportingသတင်း

၃ လကျော်ပိတ်ထားသည့် အောင်မြင်သာအပန်းဖြေစခန်းများ ပြန်ဖွင့်

COVID-19 ကပ်ရောဂါကြောင့် ၃ လကျော်ကြာပိတ်ထားခဲ့သော မြစ်ကြီးနားမြို့ရှိ အောင်မြင်သာအပန်းဖြေစခန်းကို ဇူလိုင် လကုန်ပိုင်းကစတင်ပြီး ဖွင့်လှစ်နေပြီဟု သိရသည်။

မြစ်ဆုံစီမံကိန်းကြောင့်ပြောင်းရွေ့ခံရပြီးနောက် ဈေးရောင်းသည့်လုပ်ငန်းကိုသာ မှီခိုနေရသော အောင်မြင်သာဒေသခံများသည် အပန်းဖြေရိပ်သာပြန်ဖွင့်နိုင်ရန် ဇူလိုင်လဆန်းပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ထံ အကြောင်းကြားခဲ့သည်ဟု သိရသည်။

“ရွာသူ ရွာသားတွေကလည်း စားဖို့သောက်ဖို့ အရမ်းခက်ခဲလာပြီ။ ဘာပဲဖြစ်ဖြစ် အစိုးရသတ်မှတ်ထားတဲ့ ကျန်းမာရေးစည်းမျဉ်းစည်းကမ်း ဥပဒေနှင့်လည်းအညီ ရောင်ချခွင့်ရအောင် သက်ဆိုင်ရာအစိုးရ ဝန်ကြီးချူပ်ထံ ကူညီတောင်းပေးပါ ဆိုပြီး ရွာသူတွေအားလုံးက လာပြောကြတာများတော့ သူတို့ဈေးရောက်ကြတဲ့သူတွေကိုယ်တိုင် လက်မှတ်ထိုးပြီး ကျနော်တို့ ကချင်ပြည်နယ်ဝန်ကြီးချူပ်ထံလျှောက်တင်ပြီး ဈေးဆိုင်တွေ ပြန်ဖွင့်ကြတာဖြစ်တယ်။” ဟု အောင်မြင်သာကျေးရွာအုပ်ချူပ်မှုး ဦးနော်ဂျာ က ပြောသည်။

ဝန်ကြီးချုပ်ဘက်က ခွင့်ပြုကြောင်းတရားဝင် ပြန်ကြားမှုမရှိသော်လည်း စားဝတ်နေရေးအခက်ခဲနှင့် လာရောက်လည်ပတ်သူများကို ပိတ်ပင်တားဆီးရန် ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိသောကြောင့် ပြန်ဖွင့်လိုက်ရခြင်းဖြစ်သည်ဟု ဆက်လက်ပြောဆိုသည်။

၃ လကျော်ကြာဆိုင်ပိတ်ခဲ့ရသောကြောင့် ယခုချိန် ဆိုင်ခန်းများ ပြန်လည်ပြင်ဆင်နေရသောကြောင်း အပန်းဖြေရိပ်သာတွင် ဈေးရောင်းချမှုသည် ယခင် အိမ်ထောင် ၁၀၀ ခန့်ရှိသော်လည်း ယခုချိန်တွင် ၂၅ အိမ်ထောင်လောက်သာ ရောင်းချနေသေးကြောင်း သိရသည်။

“ဆိုင်က ရောင်းလို့မရတော့ဘူး၊ ပိတ်လိုက်ရတော့၊ အိမ်မှာဘဲအောင်းနေရင်း ငွေလေးနည်းနည်းပါးပါးဘဲရှိတာက ကလေးတွေက ဟိုဟာစားရအောင်ဒီဟာလုပ်စားရအောင်ဘဲပြောတော့ ရှိတာလေးက စားလို့ကုန်ပြီ။” ဟု အောင်မြင်သာတွင် ဆယ်လီမမ ဟု နာမည်ကြီးသူ ဒေါ်ပေါမ်ရွယ်တောင် က ပြောသည်။

ယခုချိန်တွင် အောင်မြင်သာအပန်းဖြေစခန်းသို့ လာရောက်လာလည်ပတ်သူများကို ဈေးကော်မတီနှင့် အုပ်ချူပ်ရေးဌာန၊ သက်ဆိုင်ရာရဲများမှ ကြီးကြပ်စောင့်ကြည့်ထိန်းချူပ်နေကြောင်း သိရသည်။

လူစုလူဝေးမပြုလုပ်ရန် အစိုးရမှ ညွန်ကြားချက်ထုတ်ပြန်ထားသော်လည်း အောင်မြင်သာ အပန်းဖြေစခန်းကို လာရောက်လည်ပတ်သူမှာနေ့စဉ် လူပေါင်းရာချီ ရှိနေဆဲဖြစ်သည်။

အောင်မြင်သာကျေးရွာသည် မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့နေရာချထားသော ကျေးရွာဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးအတွက်အဆင်မပြေသော ဒေသခံများသည် ကျေးရွာအနီးစီးဆင်သော စိမ်းချောင်းတွင် အပန်းဖြေရိပ်သာဖွင့်ကာ ဈေးရောင်းသည့်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းနေကြခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button