Covid-19 Reportingရွေးကောက်ပွဲဆိုင်ရာသတင်း

ဖားကန့်တွင် မဲဆွယ်စည်းရုံးမှုများ ရပ်နားထား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်း (SOP) အရ Stay Home သတ်မှတ်ထားသည့် နေရာများတွင် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်ခွင့်မရှိကြောင်း သိရသည်။

ထို့ကြောင့် ကချင်ပြည်နယ် ဖားကန့်မြို့တွင်လည်း ပြည်သူနဲ့ ထိတွေ့ကာ မဲဆွယ်ခွင့်ရမည် မဟုတ်ကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)မှ အရာရှိဦးထွန်းအောင်ခိုင်က ဆိုသည်။

“Stay at Home မှာ မဲဆွယ်စည်းရုံးခွင့်နဲ့ပတ်သက်ပြီးတော့ Covid-19 ကာကွယ်ထိန်းချုပ်ရေးအမျိုးသားအဆင့် ဗဟိုကော်မတီကထုတ်ပြန်ထားတဲ့(SOP) ဆိုတာရှိတယ် အပိုင်း ၁မှာ ပါတယ်။ Stay at Home သတ်မှတ်လိုက်ပြီဆိုလို့ရှိရင် မဲဆွယ်စည်းရုံးခွင့်မရှိတော့ဘူး။ အဲတော့ ကချင်ပြည်နယ်မှာ ဖားကန့်က Stay at Home သတ်မှတ်ထားတယ်လို့ သိရတယ် အဲတော့ (SOP) အရ မဲဆွယ်လို့မရတော့ဘူး။” ဟု ပြောသည်။

လက်ရှိကချင်ပြည်နယ်တွင် Covid-19 ရောဂါပိုးကူးစက်သူ ၁၃ ဦးရှိနေပြီဖြစ်ပြီး ၎င်းတို့ ၁၃ ဦးအနက် ၉ ဦးသည် ဖားကန့်မြို့မှ ဖြစ်သည့်တွက် စက်တင်ဘာလ ၂၀ ရက်နေ့မှစကာ ဖားကန့်မြို့ပြည်သူများအား Stay Home သတ်မှတ်လိုက်ပြီ ဖြစ်သည်။

စက်တင်ဘာလ ၈ ရက်နေ့မှစကာ မဲဆွယ်ခွင့်ပြုထားသော်လည်း Stay at Home သတ်မှတ်ထားသည့် နေရာများတွင် မဲဆွယ်ခွင့်မရှိတော့သည့်အတွက် အွန်လိုင်းမှတစ်ဆင့်သာ မဲဆွယ်ရန်အတွက်ပြင်ဆင်ထားကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP မှ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလအောင် က ကချင်သတင်းဌာန KNG ကို ပြောသည်။

“ Stay at Home ကာလဖြစ်တဲ့ချိန်ကျတော့ ပြည်သူတွေနဲ့ထိတွေ့ပြီး မဲဆွယ်ဖို့ကျတော့ တစ်ဖက်ကလည်း ကျန်းမာရေးရှုထောင့်ကနေကြည့်ရတဲ့အနေထားဖြစ်နေတဲ့အတွက် သိပ်ပြီးမှတော့ အဆင်မပြေဘူး။ အွန်လိုင်းနဲ့သွားတယ်ဆိုတာကလည်း လက်ရှိကတော့ B Plan ပေါ့။ ကျနော်တို့ပါတီရဲ့အကြောင်းတွေသိချင်တဲ့သူတွေလည်း မေးလာတဲ့သူတွေရှိနိုင်တဲ့တွက် Stay at Home ကာလဆိုလည်း အားလုံးက Facebook တော့သုံးကြမယ်။ ဒါကြောင့် အွန်လိုင်းကနေ မဲဆွယ်မယ့် အစီစဉ်တော့ရှိပါတယ်။” ဟု KSPP ပါတီမှ ဦးလအောင်က ဆိုသည်။

ဖားကန့်မြို့အတွက် စက်တင်ဘာလ ၂၀ရက်နေ့မှစကာ Stay at Home သတ်မှတ်လိုက်သည့်အတွက် မဲဆွယ်ဖို့ရန် စီစဉ်ဆောင်ရွက်ထားသည့် လုပ်ငန်းစဉ်များ ဖျက်သိမ်းလိုက်ရကြောင်း ၎င်းကဆက်ပြောသည်။

Covid-19 ဒုတိယလှိုင်းကြောင့် ကချင်ပြည်နယ်တွင် စက်တင်ဘာလ ၂၀ ရက်နေ့ထိ ပိုးတွေ့လူနာ ၁၁ဦးရှိခဲ့ပြီး ၁ ဦးသည် ဆေးရုံဆင်းခွင့်ရရှိပြီဖြစ်သည်။

“မဲဆွယ်ခွင့်ကတော့ ပြောစရာကိုမလိုတော့ဘူး ခုဆိုရင်နားထားတာ ၄ ရက်လောက်ရှိနေပြီ။ ကျနော်တို့ပါတီကတော့ ရောဂါပိုး ၄ယောက်ထပ်တွေ့တဲ့နေ့ကတည်းကနေ လုံးဝကိုနားထားပြီဖြစ်တယ်။” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် ကပ်ရောဂါကာလဖြစ်သည့်အတွက် မဲဆွယ်စည်းရုံးရာတွင် ခက်ခဲမှုများရှိနေသောကြောင့် ရွေကောက်ပွဲကိုရွှေ့ဆိုင်းပေးရန် နိုင်ငံရေးပါတီအချို့မှ တောင်းဆိုထားသော်လည်း ရွေ့ဆိုင်းရန်မရှိကြောင်း စက်တင်ဘာလ ၁၉ ရက်နေ့ “၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲနှင့် သတင်းမီဒီယာအခန်းကဏ္ဍ” အွန်လိုင်းဆွေးနွေးပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် က ပြောဆိုသွားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် လူဦးရေ ၃၈ သန်းခန့်ရှိပြီး ကချင်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူဦးရေ ၁၁ သိန်းခန့်ရှိကြောင်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

Show More

Related Articles

Back to top button