Covid-19 Reportingသတင်း

ကချင်ပြည်နယ်လိပ်စာဖြင့် ထပ်တိုးပိုးတွေ့လူနာ ၂ ဦးမှာ မန္တလေးနှင့် နေပြည်တော်တွင်အသွားအလာကန့်သတ်ခံထားရသူများဖြစ်

ကချင်ပြည်နယ် မိုးကောင်းနှင့် ပူတာအိုမြို့နယ်မှ ထပ်တိုး ပိုးတွေ့လူနာ ၂ ဦးသည် လက်ရှိ မန္တလေးနှင့်နေပြည်တော်တွင် အသွားအလာကန့်သတ်ခံထားရသူများဖြစ်သည်ဟု သိရသည်။

“ဒီနေ့ညနေ ထုတ်ပြန်ချက်မှာ ကချင်ပြည်နယ်က ပိုးတွေ့လူနာ ၂ဦးထပ်ပါလာတာတွေ့ရတယ်။ ဒါပေမယ့် သူတို့ ၂ဦးစလုံးက ဗန်းမော်ကဖြစ်စဉ်နဲ့တူတယ်။ လိပ်စာကသာ ကချင်ပြည်နယ်ကဖြစ်ပြီးတော့ လက်ရှိအသွားလာကန့်သတ်ထားတာ နေပြည်တော်နဲ့မန္တလေးမှာဖြစ်တယ်။” ဟု ကချင်ပြည်နယ် Covid-19 ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဒုညွှန်ကြားရေးမှူး ဦးတင့်နိုင်ထံက ဆိုသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာလ ၂၂ ရက်နေ့ စစ်ဆေးတွေ့ရှိခဲ့သည့် ပိုးတွေ့လူနာအသစ် (၄၈၈)၏ စာရင်းများအား ပြည်နယ်အလိုက် စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၄နာရီချိန်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ အဆိုပါ ပိုးတွေ့လူနာအသစ် (၄၈၈) ဦးအနက် ကချင်ပြည်နယ်လိပ်စာဖြင့် ၂ဦးပါရှိခဲ့သည်။

မိုးကောင်းမြို့နယ်မှ ၁ဦးသည် နေပြည်တော်တွင် အသွားအလာကန့်သတ်ခံထားရသူဖြစ်ပြီး ပူတာအိုမြို့နယ်မှ ၁ဦးသည် မန္တလေးတွင် အသွားအလာကန့်သတ်ခံထားရသူဖြစ်သည်။

ကချင်ပြည်နယ်အတွက် ပိုးတွေ့လူနာ အမှတ်စဉ် 144, 249, 1627, 1712, 3697, 3698, 3699, 3700, 4513, 4514, 4515, 4516, 4517 စုစုပေါင်း ၁၃ ဦးရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၇ဦးရှိပြီဖြစ်သည်။

Show More

Related Articles

Back to top button