Covid-19 Reportingသတင်း

ပြည်နယ်တွင်းမှ ဖားကန့်သို့ဝင်လာသူများ ကွာရန်တင်းဝင်ရမည်

Stay Home သတ်မှတ်ထားသည့် ဖားကန့်မြို့မှ မြစ်ကြီးနားသို့ ဝင်ရောက်လာသူများနှင့် မြစ်ကြီးနားမြို့မှ ဖားကန့်သို့ ဝင်မည့် မည်သူမဆို သတ်မှတ်ထားသည့် နေရာတွင် ၁၄ ရက် Quarantine ဝင်ရမည်ဖြစ်သည်။

Covid-19 ဒုတိယလှိုင်းပြန်လည်စတင်လာတဲ့ချိန်တွင် ကချင်ပြည်နယ်တွင် ပိုးတွေ့လူနာ ၁၄ဦးထပ်မံတိုးလာသည့်အနက် ၉ဦးသည် ဖားကန့်မြို့မှ ဖြစ်သည့်တွက် စက်တင်ဘာလ ၂၀ရက်နေ့မှစကာ ဖားကန့်မြို့နေ ပြည်သူများအား Stay Home သတ်မှတ်ခဲ့ပြီးနောက် ဒေသန္တရအမိန့် ထပ်မံညွှန်ကြားခြင်းဖြစ်ကြောင်း ဒုညွှန်ကြားရေးမှူး ဦးတင့်နိုင်က ပြောသည်။

“မနေ့ကနေ စပြီးတော့ Stay Home စတယ်။ အဲဘက်ကနေ မြစ်ကြီးနားကိုလာလို့ရှိရင် သက်ဆိုင်ရာအထောက်အထားအပြည့်အစုံနဲ့ လာရမယ်။ ပြီးရင် Quarantine ဝင်ရမယ်။ ဟိုနေ့ကတော့ ကျန်းမာရေးထောက်ခံချက် နေရပ်မှန်ကန်ကြောင်းထောက်ခံချက်တွေပါရင် Quarantine ဝင်စရာမလိုသေးဘူး။ ဒါပေမယ့် မနေ့ကနေစပြီး ဖားကန့်မှာက။ ခု ၉ယောက်ရှိနေပြီဖြစ်တဲ့အတွက် ညွှန်ကြားချက်ကတော့ ပြောင်းနေမှာဘဲ ဖားကန့်က လူဦးရေ ၄သိန်းကျော်နေထိုင်ပြီး လူထူထပ်တဲ့နေရာဖြစ်တဲ့တွက် အထူးကြပ်မတ်လိုက်တာဖြစ်ပါတယ်။” ဟု ဆိုသည်။

ဖားကန့်မြို့သည် Covid-19 စတင်ဖြစ်ပေါ်လာသည့်အချိန်မှစကာ ကချင်ပြည်နယ်တွင် ပထမဆံုံး Stay Home သတ်မှတ်ခံရသည့်မြို့ဖြစ်သည်။ လက်ရှိချိန်တွင် ပိုးကူးစက်ခံရသူ ၉ဦးရှိနေပြီဖြစ်သည့်အတွက် စက်တင်ဘာလ ၂၀ရက်နေ့မှစကာ Stay at Home သတ်မှတ်ထားသည့် ရခိုင်၊ မန္တလေး၊ နေပြည်တော်၊ ရန်ကန်မှ ဝင်ရောက်လာသူများအား လက်မခံတော့ကြောင်း ၎င်းကဆက်ပြောသည်။

ဖားကန့်မြို့မှ ပိုးတွေ့လူနာအမှတ် ၁၇၁၂သည် စစ်တွေမှ ရောက်ရှိလာသူတစ်ဦးဖြစ်ကာ ဖားကန့်မြို့တောင်ပြိုကျေးရွာတွင် လာရောက်နေထိုင်ခဲ့သည့်အတွက် တောင်ပြိုကျေးရွာအား စက်တင်ဘာလ ၁၁ရက်နေ့တွင် Lock down သတ်မှတ်ခဲ့ပြီးနောက် ပိုးတွေ့လူနာ ၄ဦးထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ကျမတို့ ဖားကန့်မှာက Stay at Home သတ်မှတ်လိုက်တာကောင်းပါတယ်။ ဖြစ်နိုင်ရင် ဒီထက်ပိုတင်းကြပ်တာလည်း ပိုကောင်းတယ်။ ခုလက်ရှိချိန်မှာတော့ အုပ်ချုပ်ရေးဘက်ကတော့ သတိပေးတာတွေ အစဉ်မပြတ်လုပ်ဆောင်နေတာတွေ့တယ်။ အန်တီတို့လည်း အပြင်ကိုမထွက်ရဲဘူး ခုဆိုအဲတောင်ပြိုရွာက Lock down ချလိုက်တဲ့တွက် အဲရွာဘက်က လူတွေထွက်ပြေးလာကြတယ်ဆိုပြီး သတင်းတွေထွက်နေတယ်။ အဲကြောင့် ပိုစိုးရိမ်စရာဖြစ်နေတယ်” ဟု ဖားကန့်ဒေသခံ ဒေါ်ခင်စန်းတင့်က ပြောသည်။

ဖားကန့်မြို့ ပိုးတွေ့လူနာ ၉ဦးအနက် ပထမဆုံးပိုးကူးစက်ခံရသည့် လူနာအမှတ် ၁၇၁၂ သည် ရောဂါပိုးကင်းစင်သွားပြီဖြစ်သည့်အတွက် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ပြီး လက်ရှိချိန်တွင် ၈ဦးကျန်ရှိနေသေးခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင် စက်တင်ဘာလ ၂၁ရက်နေ့ထိ ဓါတ်ခွဲနမူနာပေါင်း(၇၃၆၄) ရှိပြီး ပိုးတွေ့ရှိသူ (၁၃)ဦး ပိုးမတွေ့သူ (၇၁၀၆)၊ ဓါတ်ခွဲနမူနာစောင့်ဆိုင်း (၂၄၅) ဦးရှိကြောင်း ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

Show More

Related Articles

Back to top button