မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ကျေးရွာနယ်နမိတ်ထိ ရွှေတူးဖော်လာမည်ကို ဆွမ်ပရာဘွမ်ဒေသခံများစိုးရိမ်

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ဖုန်အိန်ယာန် (Hpung Ing Yang) ကျေးရွာတွင် အစိုးရတရားဝင်ခွင့်ပြုထားသည့် ရွှေတူးဖော်လုပ်ကွက်မြေနေရာထက်ကျော်လွန်ပြီး ကျေးရွာ၏ နယ်နမိတ်အတွင်းထိ ဝင်ရောက်တူးဖော်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ပြည်နယ်အစိုးရက တရားဝင်ခွင့်ပြုထားသော အသေးစားသတ္တုတူးဖော်ခွင့် လုပ်ကွက်မြေနေရာထက်ကျော်လွန်ပြီး ကျေးရွာ၏ နယ်နမိတ်အတွင်းထိ ရွှေတူးဖော်ခွင့်ရရှိရေး လုပ်ဆောင်နေသောလုပ်ငန်းရှင်များရှိနေသောကြောင့် လုံးဝကန့်ကွက်ကြောင်း ဒေသခံဖြစ်သော ဦး Lajaw La Htoi က ယခုလို ပြောဆိုသည်။

“တစ်ချို့လုပ်ငန်းရှင်များက အစိုးရက ချထားပေးတဲ့ မြေနေရာတွေမှာ မဟုတ်ဘဲ ကျေးရွားရဲ့ နယ်နမိတ်အတွင်းမှာ ရွှေတူးဖော်ဖို့ လုပ်ဆောင်နေတဲ့လုပ်ငန်းရှင်ရှိနေတာတွေကို ကြားသိနေရတယ်။ ပြောချင်တာက လုပ်ငန်းရှင်တွေ အနေနဲ့ အစိုးရနဲ့ တရားဝင်လုပ်နေရင်လည်း ကျနော်တို့ ဒေသခံတွေနဲ့က တရားဝင်ဖြစ်မှာမဟုတ်ဘူး။ ခွင့်ပြုချက် မရဘဲ မြေကွက်တိုင်းတာ တာတွေလုပ်လာရင် ဒေသခံတွေနဲ့ ကြီးမားတဲ့ ပြဿနာတွေ ဖြစ်လာမှာဘဲ။ စီမံကိန်း မဝင်အောင်လည်း ဒေသခံတွေ အားလုံးက ဆက်လက်ကန့်ကွက်သွားမယ်” ဟု ပြောဆိုသည်။

ဆွမ်ပရာဘွမ် မြို့နယ်အတွင်း အစိုးရက တရားဝင်ခွင့်ပြုထားသည့် လုပ်ကွက် ၁၃နေရာချထားပြီး အင်ဇာဇွပ်အထက်ဖက် ရှိ ဂဖရန့်ခူး(ဒေသခေါ်)အနီးတဝိုက်၊ အင်ဘန်ခ အနီးရှိ ဆင်လီဇွပ်ခူး၊ ဖုန်အိန်ခအနီးတဝိုက်၊ လက်ပံချောင်းဆုံ (ဖုန်ငိုင်ခ)နှင့် ဖုန်ကျန်းခ အထက်ဘက်တွင်ရှိသော ရှင်ဒန့်ခူးတွင် ၂နေရာ၊ အင်ဘန်ဇွပ်ဘက်ရှိ ဝါးတောမှော် စသောနေရာများတွင် ချထားကြောင်းသိရသည်။

ဖုန်အိန်ခနှင့် ဖုန်ကျန်ခ မြစ်ဆုံ ၂ခု၏ အောက်ဘက်ခြမ်းတွင် ကျေးရွာနယ်နမိတ်အဖြစ် သတ်မှတ်ထားပြီး ရွှေတူးဖော်နေသောနေရာနှင့် လက်ရှိကျေးရွာတည်နေရာသည် အထက်ဘက်တွင် ၃မိုင်ခန့်နှင့် အောက်ဘက်တွင် ၂မိုင်ကျော်ခန့်သာ နီးကပ်နေပြီ ဖြစ်ကြောင်း ဒေသခံများပြောဆိုချက်မှ သိရပါသည်။

ရွှေသတ္ထုတူးဖော်ရန် ပြည်နယ်အစိုးရက ခွင့်ပြုထားသည့် မြေနေရာများကို လုပ်ကွက်များ ချပေးရာတွင် သက်ဆိုင်ဒေသခံပြည်သူများနှင့် ညိနှိုင်းတိုင်ပင်ဆွေးနွေးမှုမရှိဘဲ လုပ်ဆောင်ခဲ့သောကြောင့် ဆုံးရှုံးနစ်နာမှု အများအပြား ကြုံခဲ့ရကြောင်း ဦး Lajaw La Htoi က ဆက်ပြောသည်။

“ဒီရွာမှာ စီမံကိန်းစတင် ဝင်ရောက်လာချိန်က ဒေသခံတွေက ဘယ်သူမှမသိကြဘူး။ လုပ်ငန်းရှင်တွေက ဝင်လာတာနဲ့ မြေကွက်တွေ တိုင်းတာတဲ့အချိန်မှ သိကြတာ။ အဲ့ကြောင့် ဒေသခံတွေက မလိုလားတဲ့အတွက် ကန့်ကွက်ခဲ့ကြတယ်။ သက်ဆိုင်ရာကိုလည်း စာတင်ပြတာတွေ ပြုလုပ်ခဲ့တယ်။ ဒါပေမယ့် ပြည်နယ်အစိုးရအမိန့်ဖြစ်တယ်ဆိုပြီး ပြန်ပြီး ကန့်ကွက်လို့မရဘဲ ဒေသခံတွေက ခွင့်ပြုလိုက်ရတဲ့ သဘောဖြစ်ခဲ့တယ်။ အဲ့ကြောင့် ဒေသခံတွေ ၁၀စုနှစ်အကြာ လုပ်ကိုင် စားသောက်နေတဲ့ လယ်ယာမြေတွေ ဆုံးရှုံးခဲ့ရတယ်။ နစ်နာကြေးအတွက်လည်း လုပ်ငန်းရှင်ဘက်မှ စိတ်ကျေနပ်သလောက်လည်း ပြန်ရတာမရှိဘူး။ မဖြစ်မနေမို့ ယူလိုက်ရတဲ့ အခြေအနေတွေ ဖြစ်ခဲ့ရတယ်။ ဒါကြောင့် အခုကျေးရွာနယ်နမိတ်ကို တော့လုံးဝ ခွင့်ပြုမှာမဟုတ်ဘူး” ဟုသူက ပြောသည်။

ရွှေတူးဖော်မှုကြောင့် ဒေသခံများ ဆုံးရှုံးရသောလယ်ယာမြေများအတွက် လုပ်ငန်းရှင်များဘက်မှ နစ်နာကြေးအဖြစ် အများဆုံး သိန်း ၂၀ ခန့် ပြန်လည်း ပေးခဲ့သည်ဟုလည်း သိရသည်။

ထို့ပြင် အစိုးရ၏ ခွင့်ပြုချက်ဖြင့် တရားဝင် ရွှေသတ္ထုတူးဖော်မှုတွင် ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်မှု အားနည်းနေသည်ဟု ဆွမ်ပရာဘွမ်ဒေသခံ ဦးဆမ်နော် က ကချင်သတင်းဌာန KNG ကို ယခုလို ပြောဆိုခဲ့သည်။

“အစိုးရက ချပေးတဲ့ လုပ်ကွက်တွေက ဧရိယာသတ်မှတ်တိုင် စိုက်ထူထားတာဖြစ်တယ်။ သတ္ထုတူးဖော်ရေး စည်းချက်မှာက ချောင်းကနေ ပေ ၆၀၀ကွာရမယ်။ ကမ်းစပ်ကုန်းကနေဆိုရင် ပေ ၃၀၀ကွာပြီး တူးဖော်ရမယ်ဖြစ်တယ်။ အခု အဲ့မှာက လုပ်ကွက်ကျရောက်တဲ့ အပြင်ဘက်မှာလည်း တူးဖော်နေတာတွေလည်း ရှိနေတယ်။ ပြီးရင် ချောင်းတစ်လျှောက်မှာလည်း တူးဖော်ပြီးတဲ့ လုပ်ကွက်မြေနေရာတွေလည်း အများကြီးရှိနေတယ်။ တစ်ချို့လုပ်ငန်းရှင်တွေဆိုရင် လုပ်ကွက်ပြီးစီးကြောင်း အစိုးရကို အပ်နှံတဲ့လုပ်ငန်းရှင်တွေကိုလည်း မြင်တွေ့နေရတယ်။ စည်းမျဉ်းစည်းကမ်းမှာက မြေစာပုံတွေကို ချောင်းရိုးထဲပုံလို့မရဘူးလို့ပါတယ်။ ဒါပေမယ့် လိုက်နာမှုမရှိဘူး။ လုပ်ကိုင်ပြီး ပိတ်သိမ်းပြီးတဲ့ လုပ်ကွက်ကျင်းဟောင်း မြေစာပုံများကို စိုက်ပျိုးမြေအဖြစ် ပြန်အသုံးပြုလို့ရအောင် စနစ်တကျ နဂိုမှုလအတိုင်း မြေများပြန်ဖို့ပေးရမယ်ဖြစ်တယ်။ ဒါပေမယ့် အခုအဲမှာက လုပ်ကွက်ဟောင်းတွေကို စနစ်တကျပြန်လုပ်ပေးထာတာ တစ်ခုမှမတွေ့ရသေးဘူး။ အစိုးရကလည်း လုပ်ကွက်တွေကို ကောင်းကောင်းစီစစ်ပေးတာတွေမရှိဘူး” ဟု ပြောဆို သည်။

ဖုန်အိန်ယန်ကျေးရွာသည် မြေပြန့်ဒေသတစ်ခုဖြစ်ပြီး မြေဆီလွှာကောင်းမွန်သည့်အတွက် ဒေသခံများက လယ်ယာမြေစိုက်ပျိုးရေးလုပ်ငန်းတစ်ခုတည်းကို ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်ခဲ့သောကြောင့် သတ္ထုတူးဖော်မှု စီမံကိန်းများကို ရပ်ဆိုင်းပေးရန် လိုလားကြောင်း ဆိုသည်။

ပြည်နယ်အစိုးရအဖွဲ့က သတ္ထုတူးဖော်သည့် လုပ်ငန်းရှင်တစ်ဦးကို ယခင်က လုပ်ကွက်တစ်ခုအတွက် မြေ ၄ဧက သတ်မှတ်ပေးထားသော်လည်း ယခုနောက်ပိုင်း လုပ်ကွက်တစ်ခုတွက် မြေဧက ၂ဧကသာလုပ်ပိုင်ခွင့် ပေးထားသည်။ ဖုန်အိန်ယန်ကျေးရွာတွင် ရွှေတူးဖော်နေသည့် ကုမ္ပဏီ ၁၂ခုရှိနေကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၉ နှစ်ဆန်းပိုင်းက ပြည်နယ်အတွင်း ဝိုင်းမော်မြို့နယ်၊ မချမ်းဘော့မြို့နယ်၊ ဆွမ်ပရာဘွမ် မြို့နယ်၊ ရှင်ဗွေယာန်မြို့နယ်ခွဲ၊ မိုးမောက်မြို့နယ်နှင့် ရွှေကူမြို့နယ် တို့တွင် တရားဝင် အသေးစား သတ္ထုတူးဖော်ခွင့်ပြုခဲ့သည်။

အဆိုပါ မြို့နယ်များတွင် ရွှေတူးဖော်ခွင့်ကို တရားဝင်ချထားပေးခြင်းမှာ တရားမဝင်လုပ်ကိုင်နေသူများကိုတရားဝင် လုပ်ပိုင်ခွင့်ပေးပြီး နိုင်ငံတော်အခွန်ပိုမိုရရှိလာအောင် လုပ်ထုံးလုပ်နည်းအရ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု ရွှေလုပ်ကွက်ချထားပေးမှုနှင့်ပတ်သက်ပြီး ပြည်နယ်သဘာဝသယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းက ကချင်သတင်းဌာန KNG ကို ယခင်က ဖြေဆိုခဲ့ဖူးသည်။

ဆွမ်ပရာဘွမ်မြို့နယ်အတွင်း အသေးစားသတ္ထုတူးဖော်ရေးလုပ်ငန်း စီမံကိန်းများကို ပိတ်သိမ်းပေးရန် ဝန်ကြီး ဦးဒါရှီလဆိုင်း က ဆွမ်ပရာဘွမ်သို့လာရောက်သော ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၀ရက်နေ့တွင် ဒေသခံများက တောင်းဆိုခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဆွမ်ပရာဘွမ် မဲဆန္ဒနယ် အမှတ်(၁)၊(၂) လွှတ်တော်ကိုယ်စားလှယ် ၂ဦးကိုလည်း လွှတ်တော်တွင် တင်သွင်းပေးရန် ဒေသခံများက တောင်းဆိုထားကြောင်း သိရသည်။

Show More

Related Articles

Back to top button