Covid-19 Reportingသတင်း

Covid-19 ကာလ ကိုယ်စားလှယ်လောင်းများ ကန့်သတ်ချက်ဖြင့် မဲဆွယ်နေရ

Covid-19 ကပ်ရောဂါကာလဖြစ်သော်လည်း ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရာတွင် တိုင်းရင်းသားနိုင်ငံရေးပါတီများပင် အခက်အခဲများဖြင့် ကြုံတွေ့နေရသည်။

“လက်ရှိအစိုးရလည်း နည်းနည်း တင်းကြပ်တယ်လို့ခံစားရတယ်။ ဘာကြောင့်လဲဆိုရင် အသင်းတော်ပိုင်နေရာတွေ မသုံးခိုင်းတော့ အိမ်တွေမှာဘဲ မဲဆွယ်ခွင့်ပေးတော့ အိမ်တွေမှာက နေရာကျဉ်းတယ်။ လူတွေက အကွာအဝေးနှင့် ထိုင်လို့ပြန်မရ။ ဆိုတော့ ကျွန်တော်တို့က အိမ်ထဲမှာ သစ်ပင်အောက်တွင်မှာ ခက်ခက်ခဲခဲ လုပ်ရတယ်။ ကိုဗစ်ဆိုတော့ လူအကွာအဝေးနှင့်ထိုင်နိုင်ဖို့ နေရာကျယ်ဝန်းတာတွေ လိုအပ်တယ်။ ကျေးရွာတွေမှာက နေရာကျယ်သုံးနိုင်ဖို့က အသင်းတော်ပိုင်နေရာ ဟောခန်းတွေဘဲရှိတယ်။ သုံးခွင့်ပြန်မရတော့ အခက်အခဲတွေဖြစ်တယ်။” ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP မှ ဝိုင်းမော်မြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးလွမ်းဇောင်း က ပြောသည်။

ထို့အပြင်ကျေးရွာများသို့ မဲဆွယ်သွားသည့်အချိန်တွင် အချိန်ယူ ညအိပ်ခွင့် နားခွင့်မပြုသည့်အတွက် ခရီးဝေးဖြစ်သော်လည်း ညချိန် ပြန်ခေါက်လာရသည့်အတွက် မိမိတို့ လုံခြုံရေးအတွက် စိုးရိမ်မှုများရှိသည်ဟု သူကဆက်ပြောသည်။

မဲဆွယ်စည်းရုံးခွင့်လွတ်လပ်မှု ရရှိသင့်သော်လည်း မိမိတို့ပါတီ မဲဆွယ်ခြင်းကြောင့် ကူးစက်ရောဂါ ပိုမိုပြန့်ပွားလာမည်ကို စိုးရိမ်နေကြသည်။

“အဓိကတော့ ကျွန်တော်တို့မှာ သံသယ စိတ်တွေရှိနေတာပေါ့။ တကယ်လို့ ကျွန်တော်တို့ မဲဆွယ်ရင်းဘဲ positive လူနာတွေ့သွားရင် ကျွန်တော်တို့ဘဲတရားခံ ဖြစ်သွားမလားဆိုတဲ့ စိုးရိမ်ချက်တွေ၊ ပြီးတော့ မဲဆွယ်စည်းရုံးတယ်ဆိုတာက ကျွန်တော်တို့က လူထုနှင့် တစ်သားထဲနေချင်တာလေ။ ဒါပေမဲ့ အခုကိုဗစ် ကြောင့် Social distancing လုပ်ရတာက ကျွန်တော်တို့အတွက် စိတ်ပိုင်းဆိုင်ရာအရ အဓိက စိန်ခေါ်မှုဖြစ်နေတယ်။” ဟု ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအချုပ် SNLD မှ ဦးစိုင်းကျော်သီဟ က ပြောသည်။

ကျေးရွာများသို့ ညချိန်မဲဆွယ်စည်းရုံးခွင့် မရှိခြင်းကြောင့် ကိုယ်စားလှယ်လောင်းများအတွက် အခက်အခဲရှိနေကြောင်း သိရသည်။

“ရပ်ရွာတွေမှာက ခုက လုပ်ငန်းတွေ အမျိုးမျိူးလုပ်နေကြတဲ့ကြားမှာရှိနေတယ်။ ပိုဆိုးတာက ငှက်ပျောခြံတွေရှိနေတော့ နေ့စားသွားတဲ့သူတွေဘဲ ရှိနေတယ်။ ဒီလိုဆိုတော့ နေ့ခင်းတွေမှာ စည်းရုံးရေးတွေသွားဖို့လည်း လူကမရှိ ညတွေမှာ သွားဖို့ဆိုလည်း အုပ်ချူပ်ရေးပိုင်းက ညပိုင်းမဲဆွယ်စည်းရုံးမှုကို ခွင့်မပြုတော့ ရွာသားတွေက နေ့ခင်း နေ့စားတွေ အလုပ်တွေသွားကြတော့ ၅ နာရီနောက်ပိုင်းဘဲ ရောက်ကြတာများတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက် မဲဆွယ်စည်းရုံးရေးမှာ တော်တော်အခက်အခဲရှိနေတယ်။” ဟု လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးလခမ်ဒေါင်ခမ်း က ပြောသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို နောက်ဆုတ်ခြင်းမရှိဘဲ မူလကြေညာထားသည့်အတိုင်း နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button