မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မြစ်ဆုံစီမံကိန်းကို လာမည့်အစိုးရလက်ထက်တွင်လည်း ဆက်လက်ကန့်ကွက်သွားမည်ဟု ဒေသခံများပြော

မြစ်ဆုံစီမံကိန်း ထာဝရ ရပ်တန့်စေရန် လာမည့်အစိုးရအဆက်ဆက်တွင်လည်း ဆက်လက်ကန့်ကွက်သွားမည်ဖြစ်သည်ဟု စီမံကိန်းယာယီရပ်ဆိုင်းခြင်း ၉နှစ်ပြည့်နေ့တွင် ဒေသခံများက ပြောဆိုခဲ့သည်။

လက်ရှိ NLD အစိုးရသည်၂၀၁၅ ရွေးကောက်ပွဲမဲဆွယ်ရာစဉ်က မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ကတိ ကဝတ်များ ပေးခဲ့သော်လည်း အစိုးရသက်တမ်း ၅နှစ်ကုန်ဆုံးတော့မည့် ကာလအတွင်းအထိ တစ်စုံတရာ ပြောဆိုမှုမရှိခဲ့သည့်အတွက် နောက်တက်လာမည့်အစိုးရကိုလည်း အယုံအကြည်မရှိကြောင်း မြစ်ဆုံဒေသခံတစ်ဦး ဖြစ်သည့် ဒေါ်လုရာက ယခုလို ပြောဆိုသည်။

“အမေစုကိုယ်တိုင်လည်း တစ်ဦးတစ်ယောက်အတွက်ပြောတာလား။ ပါတီကိုဦးတည်ပြီး ပြောခဲ့တာလား အခုချိန်ထိ မသဲကွဲသေးဘူး။ ကျမတို့အနေနဲ့ အခုတက်လာမယ့် အစိုးရကိုလည်း သိပ်ယုံလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ အခုအစိုးရတောင် ကတိကဝတ်တွေ အများကြီးပေးပြီး မဲဆွယ်ခဲ့တယ်။ မဲဆွယ်တဲ့ ပါတီတိုင်းက မြစ်ဆုံအရေးကို မားမားမတ်မတ်ရပ်ပေးတဲ့သူ ထာဝရရပ်တန့်အောင် ပြောပေးနိုင်တဲ့သူ ပြောခဲ့ပြီး မဲထည့်ခဲ့ကြတာဘဲ။ နောက်ဆုံးအစိုးရ ဖြစ်သွားတဲ့ အခါတော့ ပါတီမှာပြောတဲ့ဟာနဲ့ တစ်မျိုးပြန်ဖြစ်သွားတာပေါ့။ ဒါကြောင့် ဒေသခံတွေ မဲထည့်ဖို့ တအားစိုးရိမ်တယ်။ ဒါပေမယ့် ဘယ်ပါတီရဲ့အစိုးရဘဲတက်တက် မြစ်ဆုံစီမံကိန်း ရပ်တန့်ဖို့က ထာဝရကြိုးစားသွားမယ်”ဟု ပြောဆိုသည်။

၂၀၁၁ ခုနှစ် မြစ်ဆုံစီမံကိန်းကို ယာယီရပ်ဆိုင်းရန် သမ္မတဦးသိန်းစိန်က ကြေညာခဲ့သည်မှာ စက်တင်ဘာလ ၃၀ရက်နေ့တွင် ၉နှစ်ပြည့်ပြီဖြစ်သည်။

ထိုအထိမ်းအမှတ်နေ့အဖြစ် ဒေသခံ ၅၀ ကျော်က မူလ တန်ဖရဲကျေးရွာအတွင်း ခုတ်ထွင်ရှင်းလင်းရေး လုပ်ငန်းများ ပြုလုပ်ခဲ့သည်။

ယခင်နှစ်များနည်းတူ ဆုတောင်းပွဲအခမ်းအနားများဖြင့် ပြုလုပ်လိုသော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် လူစုလူဝေးရှောင်ရှားသောအားဖြင့် ကျေးရွာရှင်းလင်းရေးအစီစဉ်သာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကိုယ့်ရဲ့ဒေသမှာ အခုလို ပြန်ပြီး နေရာရှင်းလင်းရေးတွင် ပြန်လုပ်ရတော့ အရင်နေခဲ့တဲ့အချိန်တွေကို ပြန်သတိရ တယ်။ တဖက်မှာက စိုးရိမ်စိတ်တွေအနည်းငယ်တော့ရှိနေတယ်။ အဲ့ဒါကဘာလဲဆိုတော့ သက်ဆိုင်ရာ အာဏာပိုင် အစိုးရတွေက နည်းမျိုးစုံနဲ့ ပြန်သိမ်းလာမလားဆိုပြီး စိုးရိမ်ရတယ်။ တန်ဖရဲကျေးရွာက မြစ်ဆုံးအနီးတဝိုက်နေတဲ့ ပြည်သူတွေအတွက်က အင်မတန်မှ အဖိုးမဖြတ်နိုင်တဲ့ နေရာဒေသတစ်ခုဖြစ်တယ်။ အရင်ကတည်းကနေ ယခုအချိန်ထိ ဒီနေရာမှာဘဲ စားဝတ်နေရေးအတွက် အကျိုးပြုတဲ့ဒေသဖြစ်တယ်။ ပြီးရင် ဒီနေရာက အားလုံးရဲ့အသက်သွေးကြော ဖြစ်နေတယ်။ မြစ်ဆုံနဲ့ တန်ဖရဲကျေးရွာကို ခွဲခြားထားလို့မရဘူး။ သူက တစ်ခုတည်းဖြစ်သလို တစ်နေရာမှာဘဲ။ ဒေသခံတွေရဲ့ အဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေလည်း အားလုံးဒီနေရာမှာဘဲရှိတယ်။ ဒါကြောင့် ဒီနေရာက လုံးဝ ပျောက်ကွယ်သွားလို့မရတဲ့နေရာဖြစ်တယ်။ စီမံကိန်းရပ်တန့်ဖို့လည်း အမြဲဆောင်ရွက်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

မြစ်ဆုံစီမံကိန်းကြောင့် ရွှေ့ပြောင်းခံခဲ့ရသည့် ကျေးရွာ ၅ခုခန့်ရှိပြီး ၎င်းကျေးရွာများမှာ တန်ဖရဲ၊ အောင်ဂျာယာန်၊ ဒေါင်ပန်၊ လဖျဲ့ကထောင်နှင့် မလိဇွပ် စသော ကျေးရွာများဖြစ်ပြီး ၎င်းတို့ကို အောင်မြင်သာကျေးရွာနှင့် မလိယန်ကျေးရွာသစ်တို့တွင် နေရာချခဲ့သည်။

Show More

Related Articles

Back to top button