စစ်ပြေးဒုက္ခသည်များရွေးကောက်ပွဲဆိုင်ရာသတင်း

ဗန်းမော်ခရိုင်ရှိ စစ်ဘေးရှောင်စခန်းသုံးခုတွင် မဲရုံဖွင့်ရန်လျာထား

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရှိ စစ်ဘေးရှောင်စခန်းသုံးခုတွင် မဲရုံဖွင့်မည်ဖြစ်ကြောင်း ဗန်းမော် ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

လက်ရှိတွင် ဗန်းမော်ခရိုင်အတွင်း မြို့နယ်လေးမြို့နယ်တွင် စစ်ဘေးရှောင်စခန်းပေါင်း ၂ဝ ခုရှိပြီး မန်စီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းသုံးခုတွင်သာမဲရုံထားရှိမည်ဖြစ်ကြောင်း သိရသည်။

“မန်စီမြို့နယ်တွင်းမှာ စစ်ရှောင်စခန်းက သုံးခုရှိတယ် အဲစစ်ရှောင်စခန်းတွေက ရပ်/ကျေး၊ ရပ်ကွက်မှာထားမယ့် မဲရုံနဲ့ ဝေးတဲ့တွက် မဲဆန္ဒရှင်တွေမဲလာပေးဖို့ ခက်ခဲဖြစ်နိုင်တယ်။ ဒါကြောင့် မဲရုံသုံးရုံထားဖို့ စီစဉ်ထားပါတယ်။ လက်ရှိချိန်ထိတော့ တစ်ခြားမြို့နယ်က ထားဖို့မရှိသေးပါဘူး။ ကော်မရှင်ရဲ့ညွန်ကြားချက်အရ စစ်ရှောင်တွေအနေနဲ့ မိမိနေထိုင်တဲ့ ရက်ကွက်နဲ့နီးတဲ့နေရာမှာဘဲ မဲသွားပေးရမှာဖြစ်တယ်” ဗန်းမော်ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှ အတွင်းရေးမှူး ဦးကျော်ထွန်းကပြောသည်။

မဲရုံထားရှိမည့် မံစီမြို့မှ စစ်ရှောင်စခန်းသည် လူဦးရေအားဖြင့် အိမ်ထောင်စုပေါင်း ၁၄၄၆ ရှိပြီး လူဦးရေစာရင်းအားဖြင့် ၇၂၀၆ ရှိကာ မဲပေးခွင့်ရှိသူ ၄၉၇၅ ရှိကြောင်း ၎င်းကဆက်ပြောသည်။

“ကျနော်တို့ စခန်းမှာတော့ မဲရုံသီးသန့်ထောင်ပေးမယ်လို့တော့ ပြောကြတယ်။ဒါပေမယ့် မဲထည့်ဖို့ကကျနော်တို့ စစ်ရှောင်တွေရဲ့အရေးမဟုတ်တော့ဘူး ၂၀၁၅ တုန်းက ကျနော်တို့ NLD ကိုမဲထည့်ခဲ့တယ်။ဒါပေမယ့် ကျနော်တို့နေရပ်ပြန်ဖို့က ဘာမှမထူးလာဘူး။ ဒါကြောင့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ထည့်ဖို့မသေချာသေးဘူး။ စခန်းမှာမဲရုံလာထားပေမယ့် စစ်ရှောင်တွေများစုက မဲထည့်ဖို့စိတ်မဝင်စားကြဘူး” ဟု ဗန်းမော်မြို့တွင်းရှိ ရောဘတ်စစ်ရှောင်စခန်းမှ စခန်းတာဝန်ခံဆရာအင်ဒေါင်တန်ဂွန်းက ပြောသည်။

ယင်းရောဘတ်စစ်ရှောစခန်းတွင် အိမ်ထောင်စုအားဖြင့် ၅ဝဝ ကျော်နေထိုင်ပြီး ကျေးရွာပေါင်းများဆုံး စုနေထိုင်ရာ စခန်းတစ်ခုဖြစ်ကာ စခန်းတွင်မဲစာရင်းလာရောက်ကပ်ထားသော်လည်း စစ်ရှှောင်များအနေဖြင့် မဲစာရင်းကြည့်သူလွန်နည်းပါးကြောင်း ၎င်းကဆက်ပြောသည်။

ဗန်းမော်ခရိုင်တွင် ဖွင့်လှစ်ထားသည့် စစ်ရှောင်စခန်းများမှာ ဗန်းမော်မြို့နယ်တွင် စစ်ရှောင်စခန်း ၆ ခု၊ မံစီမြို့နယ်တွင် သုံးခု၊ မိုးမောက်မြို့နယ်တွင် ကိုးခု၊ ရွှေကူမြို့နယ်တွင် နှစ်ခုရှိပြီး လူဦးရေအားဖြင့် ၁၇၃၂၁ ဦးရှိကြောင်း သိရသည်။

“ကျမတို့ကျတော့ ခုချိန်ထိ မဲရုံကိစ္စတွေ မဲထည့်မယ့်ကိစ္စဘာမှမသိရသေးဘူး။ ရပ်ကျေးကလည်း စာရင်းတော့ လာကောက်သွားတယ်။ ဒါပေမယ့် မဲစာရင်းလာကြည့်ဖို့ သေသေချာချာပြောတာတောင်မရှိဘူးဆိုတော့ စစ်ရှောင်တွေလည်း မဲစာရင်းကြည့်ဖို့ မပြောထားဘူး” ဟု ထွယ်ဆန်စစ်ရှောင်စခန်းမှ တာဝန်ခံဒေါ်ဘောက်ခေါန်က ပြောသည်။

ဗန်းမော်ခရိုင်အတွင်း စစ်ရှောင်မဲဆန္ဒရှင်ဦးရေ လေးသောင်းကျော်ရှိပြီး ဗန်းမော်ခရိုင်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၁၁ ပါတီရှိကာ တစ်သီးပုဂ္ဂလနှစ်ဦးရှိကြောင်းနှင့် ကချင်ပြည်နယ်တစ်ခုလုံးတွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီပေါင်း ၁၉ ခုပါတီရှိပြီး မဲဆန္ဒရှင် ဆယ်သိန်းရှစ်သောင်းကျော်ရှိကြောင်း သိရသည်။

ဗန်းမော်ခရိုင်တွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ပြည်သူ့လွှတ်တော်နေရာတွင် ၃၀ ဦး၊ အမျိုးသားနေရာတွင် ၂၃ ဦးနှင့် ပြည်နယ်လွှတ်တော်နေရာတွင် ၆၀ ဦး အသီးသီးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် မဲရုံပေါင်း ၉၀၀ ကျော်ထားရှိရန်လျာထားကာ စစ်ရှောင်စခန်းမှပြည်သူများအနေဖြင့်လည်း မိမိနေထိုင်ရာ ရပ်ကွက်တွင် အရပ်သားများနှင့်အတူမဲထည့်ရန် ရွေးကောက်ပွဲကော်မရှင်က တိုက်တွန်းထားကြောင်း သိရသည်။

မဲရုံများဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရပ်ကွက်၊ ကျေးရွာများတွင်သာ ဖွင့်လှစ်ဆောင်ရွက်ရမည်ဖြစ်သော်လည်း ခြွင်းချက်အနေဖြင့် ရပ်ကွက်၊ကျေးရွာများနှင့်ဝေးကွာသည့် စစ်ရှောင်စခန်းများတွင်မူ သီးသန့်မဲရုံဖွင့်လှစ်နိုင်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး (ခွဲ) မှ သိရသည်။

Show More

Related Articles

Back to top button