ရွေးကောက်ပွဲဆိုင်ရာသတင်း

ဖျက်သိမ်းလိုက်ပြီဖြစ်သော UDP ပါတီတွင် ဆန္ဒမဲ ပြုမိပါက ပယ်မဲ ဖြစ်မယ်ဟု UEC ကြေညာ

ညီညွှတ်သောဒီမိုကရက်တစ်ပါတီ(UDP)ပါတီသည် ဖျက်သိမ်းလိုက်ပြီဖြစ်သောကြောင်း လာမည့်ရွေးကောက်ပွဲတွင် UDP ပါတီနေရာတွင် ဆန္ဒမဲ ပြုမည်ဆိုပါက ပယ်မဲအဖြစ်သတ်မှတ်လိုက်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

UEC ဘက်မှ အဆိုပါကိစ္စကို ထုတ်ပြန်ချိန်သည် ရွေးကောက်ပွဲကျင်းပရန် ၁၉ ရက်သာလိုတော့သည့်အတွက် မဲလက်မှတ်များပြန်လည်ပြင်ဆင်ပုံနှိပ်ရန်အချိန်မရှိတော့သောကြောင့် ယင်းပါတီလောင်းများ၏ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်၊ ပါတီတံဆိပ် နှင့် ဆန္ဒပြုရန်နေရာတွင် မင်နီဖြင့် ကန့်လန့်ဖြတ်မျဉ်းသားပြီး ပယ်ဖျက်စေရေးဆောင်ရွက်မည်ဆိုသော်လည်း အချိန်လုံလောက်မူ မရှိတော့သည့်တွက် မဲလက်မှတ်အား ပြင်ဆင်ခြင်းဆောင်ရွက်နိုင်တော့မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ညီညွှတ်သောဒီမိုကရက်တစ်ပါတီ (UDP) ပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂၊ ပုဒ်မ (၄)နှင့်နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ နည်းဥပဒေ ၁၅၊နည်းဥပဒေခွဲ(ခ)၊(ဂ)၊(စ) တို့ပါ ပြဌာန်းချက်များနှင့် ငြိစွန်းကြောင်း စီစစ်တွေ့ရှိရသည့်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ) နှင့်အညီ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခြင်းအား ပယ်ဖျက်၍ ပါတီအားဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ထို့ပြင် ညီညွှတ်သောဒီမိုကရက်တစ်ပါတီ(UDP)ပါတီမှ လွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည်လည်း သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀၊ပုဒ်မခွဲ (ဇ)ပါ ပြဌာန်းချက်နှင့်အညီ ငြိစွန်းသဖြင့် လွှွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်တင်မြောက်ပိုင်ခွင့် မရှိတော့ကြောင်း ပါရှိသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒု ဥက္ကဌ-၂ ပြန်ကြားရေးတာဝန်ခံ (ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း) ဦးကွမ်ကရောင်အောင်ခမ်းက ယခုလိုသုံးသပ်ပြောဆိုသည်။

“မဲပေးမယ့်ချိန်မှာ (UDP) တွေကိုလည်း မဲထည့်တဲ့သူတွေလည်း ရှိလာနိင်တာဘဲ။ ကျနော်တို့အနေနဲ့ ဒီကိစ္စကို နေရာတစ်ကာဖြေရှင်းနေရတာလည်း အလုပ်တစ်ခုလိုဖြစ်နေတယ်။ ဒါကြောင့်လည်း အပိုအလုပ်တစ်ခုဖြစ်နေတယ်။ စိတ်အနှောင့်အယှက်လည်းဖြစ်တယ်။ ဒီဟာမျိုးတွေကို ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ကြိုတင်ပြီးတော့ ဘယ်လိုလုပ်သင့်တယ် ဘာတွေလုပ်ရမယ်ဆိုတာတွေကို တိတိကျကျလုပ်ရင်ပိုကောင်းမယ် မဟုတ်ဘူးဆိုရင် မဲထည့်တဲ့ချိန်မှာ တစ်ခြားနိုင်ငံရေးပါတီတွေအတွက်ရော မဲလာထည့်တဲ့ပြည်သူတွေကိုရော မဲလက်မှတ်အမှားအယွင်းများစွာဖြစ်လာနိုင်တယ်။” ဟု ပြောသည်။

ယခုကဲ့သို့ ပြင်ဆင်သင့်သည့် မဲလက်မှတ်များအား ပြင်ဆင်နိုင်ခြင်းမရှိခြင်းသည် ပြည်မပါတီများထက် တိုင်းရင်းသားလူနည်းစုမဲပေးမည့် တိုင်းရင်းသားပါတီများတွက် များစွာနစ်နာမူရှိနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံး ၂၀၂၀ ပါတီစုံရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈နေရာ၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် ၆၄၄နေရာနှင့် တိုင်းရင်းသားရေးရာဝန်ကြီးမဲဆန္ဒနယ် ၂၉နေရာဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၆,၉၀၀ ကျော်ရှိကာ ပါတီပေါင်း ၉၄ ပါတီရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ သိရသည်။

Show More

Related Articles

Back to top button