မြစ်ကြီးနားမြို့နယ်တွင် အသက် ၆၀ အထက် မဲဆန္ဒရှင် တစ်ဝက်ခန့် ကြိုတင်မဲထည့်ခဲ့
ကချင်ပြည်နယ် မြစ်ကြီးမြို့နယ်တွင် အသက် ၆၀ ကျော်အထက် ကြိုတင်မဲပေးခွင့်ရရှိသူ ၂သောင်းကျော်ရှိသည့်အနက် ထက်ဝက်ခန့်သာ လာရောက် ကြိုတင်မဲထည့်ပေးခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှ သိရပါသည်။
အောက်တိုဘာ ၂၉ရက်မှ နိုဝင်ဘာလ ၅ရက်နေ့အထိ ၅ရက်အတွင်း မြစ်ကြီးနားမြို့နယ်အတွင်းရှိ သက်ကြီးရွယ်အိုများ ကြိုတင်မဲပေးခွင့်ရရှိသူ ၂၈၁၉၇ဦးအနက် ၂၀၈၅၆ဦးက ကြိုတင်မဲထည့်သွင်းခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦး Ginraw Tang Gun ထံမှသိရပါသည်။
“အသက် ၆၀အထက် ကြိုတင်မဲထည့်တဲ့ထဲမှာ အပိုင်း ၂ပိုင်းရှိပါတယ်။ အသက်ကြီးပေမယ့် ကျန်မာရေးကောင်းမွန်တဲ့သူတွေကို သက်ဆိုင်ရာ ရပ်ကွက်ရုံးမှာ လည်းလာထည့်ဖို့ ပြင်ဆင်ထားပေးတယ်။ နောက်ပြီး မသန်စွမ်းဖျားနာနေတဲ့သူတွေက မလာနိုင်ကြောင်း အကြောင်းကြားထားတဲ့သူတွေကို ရပ်ကျေးကော်မရှင်အဖွဲ့ဝင်တွေက အိမ်တန်ရာရောက် သွားရောက်ကောက်ခံ ခဲ့ပါတယ်။ ဒါပေမယ်တစ်ချို့က နိုဝင်ဘာ ၈ရက်နေ့မှာ လာထည့်ဖို့ အားသန်နေတဲ့သူတွေလည်းရှိတယ်။ ဒါကြောင့် တစ်ချို့က ကြိုတင်မဲမထည့်ကြဘူး။ ပြောရမယ်ဆိုရင် ထက်ဝက်ခန့်က မဲထည့်ကြတယ်လို့ဘဲပြောရမှာပေါ့”ဟုပြောဆိုသည်။
မြစ်ကြီးနားမြို့နယ်အတွင်း မဲရုံစုစုပေါင်း ၁၄၀ရှိပြီး မဲဆန္ဒနယ်အမှတ်(၁)တွင် ၆၆ရုံ၊ မဲဆန္ဒနယ်အမှတ်(၂)တွင် ၇၄ရုံ နှင့် မဲပေးပိုင်ခွင့်ရရှိသူစုစုပေါင်း ၂၃၈၅၇၆ခန့်ရှိနေကြောင်းသိရသည်။
ထို့နောက် ၅ ရက်အတွင်း မြစ်ကြီးနားမြို့နယ်တွင် ကြိုတင်မဲထည့်ခြင်းဖြင့်ပါတီအချင်းချင်း အငြင်းပွားမှုမရှိသေးသည့် အပြင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးသို့လာရောက်တိုင်ကြားခြင်းများလည်း လက်ရှိအချိန်ထိမရှိသေးကြောင်း ဦး Ginraw Tang Gun က ဆက်လက်ပြောဆိုခဲ့သည်။