စစ်ပြေးဒုက္ခသည်များသတင်း

ဒဘတ်(Dabak) ကျေးရွာ နေရပ်ပြန်နိုင်ရေး စိစစ်မှုများ လုပ်ဆောင်နေ

ဝိုင်းမော်မြို့နယ် မြစ်ကြီးနား-ဗန်မော် လမ်းမကြီးပေါ်ရှိ တိုက်ပွဲကြောင့် ၁၀နှစ်ခန့်စွန့်ခွာထားသည့် ဒဘတ်ယာန်ကျေးရွာတွင် နေရပ်ပြန်အခြေချနိုင်ရန်အတွက် ဒေသခံစစ်မှန်ကြောင်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီဟု သိရသည်။

နိုဝင်ဘာလ ၁၁ရက်နေ့မှစ၍ ဝိုင်းမော်မြို့နယ်အုပ်ချုပ်ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေး(လ.ဝ.က)၊ မြေစာရင်းအဖွဲ့များနှင့် အတူ ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့(KHCC) တို့က ဒဘတ်ယာန်ကျေးရွာသို့သွားရောက်စစ်ဆေးကာ နေရပ်ပြန်မည့်စစ်ရှောင်များ၏ အမည်စာရင်းများ ကောက်ခံခဲ့ခြင်းဖြစ်သည်။

မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့အတွင်းရှိ နေရပ်ပြန်မည့် ဒေသခံ အိမ်ထောင်စု ၂၀၀ကျော်ကလည်း အမည်စာရင်း သွားရောက်ပေးသွင်းနေကြပြီဖြစ်သည်။

ထို့အပြင် လုံခြုံရေးအတွက် ကျေးရွာအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများကိုလည်း စတင်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း KHCC မှ ဆရာခါးလီက ယခုလိုပြောဆိုသည်။

“ဒီနေ့ကတော့ အားလုံးရဲ့အမြင်မှာ နေရပ်ပြန်နိုင်ပြီလို့ တက်ရောက်သွားအောင် ဒဘတ်ယာန်ကျေးရွာမှာဘဲ အုပ်ချုပ် ရေးအဖွဲ့တွေနဲ့အတူ စစ်ရှောင်တွေရဲ့ နေရပ်ပြန်မယ့် အမည်စားရင်းတွေကောက်ခံခဲ့တဲ့သဘောပါ။ မနက်ဖြန်မှစ၍ စစ်ရှောင်တွေရဲ့အိမ်ခြံဝန်းတွေစီစစ်မယ်။ ပြီးရင်မိုင်းရှင်းလင်းရေးတွေစလုပ်တော့မည်ဖြစ်တယ်။ တခြားစစ်ရှောင်နေရာ တွင်မှာလည်း လုပ်ကိုင်နေတာရှိတဲ့အတွက် ဒီမှာ မိုင်းရှင်းလင်းရေးက ၁ပတ်လောက်ကြာမယ်”ဟု ပြောဆိုသည်။

နေရပ်ပြန်မည့်စစ်ပြေးဒုက္ခသည်များအတွက် ယခုလကုန်ပိုင်းမှစတင်ကာ နေအိမ်ဆောက်လုပ်တော့မည်ဖြစ်ပြီး နောက် ဖေဖော်ဝါရီလတွင် အပြီးလုပ်ဆောင်လုပ်သွားမည်ဖြစ်ကြောင်း သူက ဆက်လက်ပြောဆိုသည်။

“စီစစ်မယ်၊ မိုင်းရှင်းလင်းအပြီးက ဒီလ ၂၅ရက်နောက်အကျဆုံးသတ်မှတ်ထားတယ်။ ဒါပြီးဆောက်လုပ်ရေး လုပ်ငန်း တွေကိုဆက်တိုက်လုပ်ဆောင်သွားမယ်။ လာမယ့် ဖေဖဝါရီလ ကုန်ပိုင်းတော့အကုန်ပြီးစီးအောင်မျှော်လင့်ထားတယ်။ ပြီးမှ စစ်ရှောင်တွေနေရပ်ပြန်နိုင်ပါပြီ”ဟု ပြောဆိုသည်။

စစ်ရှောင်များ၏လုံခြုံရေးအတွက် မိုင်းရှင်းလင်ရေးလုပ်ဆောင်ရာတွင် ကျေးရွာဧရိယာအပိုင်းနှင့် ဒေသခံများလုပ်ကိုင် စားသောက်မည့် လယ်ယာမြေများအပိုင်းဟူ၍ အပိုင်း ၂ ပိုင်းခွဲကာ လုပ်ဆောင်သွားမည်ဟု ဆိုသည်။

“ကျနော်တို့အနေနဲ့ ကျေးရွာအထက်ဘက်မှာရှိတဲ့ အိမ်ထောင်စု ၃၇စုကိုအရင်စရှင်းပေးမှာဖြစ်တယ်။ ပြီးမှ နောက်အုပ်ချုပ်ရေးမှူးတွေပြောတဲ့အတိုင်း အုပ်ချုပ်ရေးရုံးနဲ့ကျောင်းစာသင်ကျောင်းတွေ စရှိသဖြင့် အစိုးရအဆောက်အုံ တွေကို ပြန်ရှင်းမှာဖြစ်တယ်။ ဒါပြီးမှသာ ဒေသခံတွေနေတဲ့ နေအိမ်အဆောက်အဦးတွေကို ပြန်ရှင်းပေးမှာဖြစ်တယ်။ တစ်ရက်ကို အိမ်ထောင်စု အများဆုံး ၆ခုလောက်ရှင်းပေးသွားမယ်ဖြစ်တယ်”ဟု မိုင်းရှင်းလင်းရေးအဖွဲ့မှ တပ်မတော်အရာရှိ တစ်ဦးက စစ်ရှောင်များကို ပြောဆိုသွားခဲ့သည်။

နေရပ်ပြန်မည့် ဒဘတ်ယာန်စစ်ရှောင်ပြည်သူများက လက်ရှိတွင်မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ရှိ စစ်ရှောင်စန်း ၁၇ခုတွင် ခိုလှုံနေသူများဖြစ်ကာ လူဦးရေ ၇၀၀ ကျော်နှင့် အိမ်ထောင်စု ၂၀၀ ကျော်ရှိသည်။

နေရပ်ပြန်ရန် စိတ်ဆန္ဒရှိနေသော်လည်း တဖက်တွင် ငြိမ်းချမ်းရေးအတွက် နှစ်ဖက်တပ်ဖွဲ့ကြား တရားဝင်အပစ်ရပ်လက်မှတ်ထိုးထားခြင်းမရှိသေးသည့်အတွက် လုံခြုံရေးအတွက်အလွန်စိုးရိမ်နေကြောင်း ဒဘတ်ဒေသခံ လက်ရှိ မြစ်ကြီးနား စစ်ရှောင်စခန်းတစ်ခုတွင် ခိုလှုံနေသူ ဒေါ်ဘောက်ဒီးက ယခုလို ပြောသည်။

“ပြန်ရတော့မယ်ဖြစ်တဲ့အတွက် အတိုင်းမသိဝမ်းသာတယ်။ ဒါပေမယ့် ဒီမှာပြန်လာနေထိုင်မယ့် အချိန်အတွက် စိုးရိမ်မှု တွေက ရှိနေတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ် ၂ဖက်က အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတာမဟုတ်သေးတဲ့အတွက်” ဟု ပြောဆိုသည်။

နေရပ်ပြန်ပြီးနောက် အနည်းဆုံး ၁ နှစ်ခန့် ပြန်လည်ထူထောင်ရေးအစီစဉ်အဖြစ် ထောက်ပံ့ပေးရန်နှင့် ရေရှည်ခိုင်မာသည့် အသက်မွေးဝမ်းကြောင်းအတွက်လည်း လုပ်ငန်းများ ဖော်ဆောင်ပေးရန် ဒေသခံများက လိုလားနေကြသည်။

လက်ရှိနေရပ်ပြန်မည့် စစ်ရှောင်ပြည်သူများ၏ နေအိမ်အဆောက်အဦးများကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က တာဝန်ယူဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး စားဝတ်နေရေးအတွက် အနည်းဆုံး ၃လနှင့် အများဆုံး ၆လခန့်သာထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း KHCC ပြောဆိုချက်မှသိရသည်။

KHCC သည် ကချင်ပြည်နယ်အတွင်း လုံခြုံမှုနှင့် နေရပ်ပြန်သင့်သည့် ကျေးရွာ ၁၇ခုကိုရွေးချယ်ခဲ့ကြပြီး လက်ရှိတွင် ရွှေညောင်ပင် ကျေးရွာ တစ်ခုတည်းသာ နေရပ်ပြန်ပို့ပေးနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် တဖက်တွင် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး အပစ်ခတ်ရပ်ဆဲရေး လက်မှတ်ရေးထိုးထားခြင်းမရှိသေးပေ။

ဒဘတ်ယာန်စစ်ရှောင်များကို နေရပ်ပြန်ပို့ပေးပြီးနောက် တဆက်တည်းတွင် ကန်ပိုင်တည် လမ်းမပေါ်ရှိ ရွာများ၊ ဗန်မော်လမ်းမပေါ်ရှိ ရွာများနှင့်မိုးမောက်-လွယ်ဂျယ်လမ်းမပေါ်ရှိ စစ်ရှောင်ပြည်သူများကိုလည်း နေရပ်ပြန်ပို့ရန်စီစဉ် နေကြောင်းသိရသည်။

Show More

Related Articles

Back to top button