ရွေးကောက်ပွဲဆိုင်ရာသတင်း

ကချင်တွင် လွှတ်တော် ၃ ရပ်အတွက် အမျိုးသမီးကိုယ်စားလှယ် ၁၀ ဦး ရွေးကောက်ခံရ

ကချင်ပြည်နယ်တွင် ယခုနှစ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၅၂ ဦးအနက် လွှတ်တော် ၃ ရပ်အတွက် အမျိုးသမီးကိုယ်စားလှယ် ၁၀ ဦး ရွေးချယ်ခံရသည်ဟု သိရသည်။

အမျိုးသားလွှတ်တော် ၂ ဦး၊ ပြည်သူ့လွှတ်တော် ၂ ဦးနှင့် ပြည်နယ်လွှတ်တော် ၆ ဦး စုစုပေါင်း ၁၀ ဦးဖြစ်သည်။

ပြည်သူ့လွှတ်တော်တွင် ဆွမ်ပရာဘွမ်မြို့နယ်ကိုယ်စားလှယ် ဒေါ်လရှန်ဘန်ထွယ် (USDP) နှင့် မြစ်ကြီးနားမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါ်ကေရွယ်အောင် (NLD) တို့ဖြစ်သည်။

အမျိုးသားလွှတ်တော်တွင် မိုးကောင်းအမှတ် ၇ မဲဆန္ဒနယ်မှ ဒေါက်တာခင်မကြီး(NLD)နှင့် မိုးညှင်းအမှတ် ၈ မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းထွေး(ခ)စိုးငယ် (NLD) တို့ဖြစ်သည်။

ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် အနိုင်ရရှိသူများမှာ မိုးကောင်းမဲဆန္ဒနယ် (၂)မှ ဒေါ်သီရိသွင်(NLD)၊ မိုးညှင်းမြို့နယ် ပြည်နယ်(၁) ဒေါ်သက်ထားနှောင်း(NLD)၊ ချီဖွေမြို့နယ်ပြည်နယ်(၁) ဒေါ်ဒေါင်နော(NLD)၊ ဆော့လော်ပြည်နယ်(၂) ဒေါ်ခေါမာဝူ(NLD)၊ အင်ဂျန်းယန် ပြည်နယ်(၂) ဒေါ်ဂျာဆိုင်းခေါန်(တစ်သီးပုဂ္ဂလ) နှင့် ဗန်းမော်မြို့နယ်ပြည်နယ်(၂) ဒေါ်ဇာခြည်မြင့်(NLD) တို့ဖြစ်သည်။

ရွေးကောက်ပွဲအနိုင်ရသော အမျိုးသမီးကိုယ်စားလှယ်များမှာ NLD ပါတီမှ ၈ ဦး၊ တစ်သီးပုဂ္ဂလ ၁ ဦးနှင့် USDP မှ တစ်ဦး ဖြစ်သည်။

ကချင်ပြည်နယ်တွင် လွှတ်တော် ၃ ရပ်အတွက် မဲဆန္ဒနယ် ၆၆ နေရာရှိပြီး ရေးရာဝန်ကြီးအတွက် ၄ နေရာရှိသည်။

ပါတီအသီးသီးမှ ရွေးကောက်ပွဲယှဉ်ပြိုင်ရာတွင် ပါဝင်သောအမျိုးသမီးကိုယ်စားလှယ်လောင်းများမှာ ပြည်သူ့လွှတ်တော်တွင် ၁၆ ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ၁၀ ဦးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ၂၉ ဦး ရှိခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ၅၀၃ ဦးသည့်အနက် အမျိုးသမီးကိုယ်စားလှယ်လောင်း ၇၂ ဦးပါဝင်ခဲ့ပြီး ၅ ဦး အနိုင်ရရှိခဲ့သည်။

“အမျိုးသမီးတွေအနေနဲ့ လွှတ်တော်ထဲမှာ များများရောက်လာတာကိုတော့ လက်ခံတယ် ကြိုဆိုတယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာ ရောက်သွားပြီးဘာမှ မလုပ်ဘူး။ ဥပမာ NLD ပါတီကနေပြီး နိုင်သွားတယ်ဆိုရင် NLD ပါတီရဲ့ ပေါ်လစီ၊ မူဝါဒတွေကိုဘဲ အားနားနေပြီးတော့မှ အဲဒါတွေကိုဘဲလိုက်နာနေပြီးတော့ သူတို့မလုပ်ပါနဲ့ဆို မလုပ်ဘူး။ အဲလို လုပ်တဲ့ဟာမျိုးဘဲဆိုရင် ပြည်သူအသံကိုနားမထောင်ဘဲနဲ့ ပါတီရဲ့အသံဘဲနားထောင်မယ်ဆိုရင် ဒါက ဗဟိုချုပ်ကိုင်မူဖြစ်သွားမယ်။ ဘယ်လောက်ဘဲ များများ ကျမတို့လိုချင်တာ လူများလာဖို့မဟုတ်ဘူး။ များလာတဲ့အမျိုးသမီးတွေက အဓိပ္ပါယ်ရှိတဲ့ပါဝင်မှု လုပ်ဆောင်မူဖြစ်ဖို့လိုတယ်။ အမျိုးသမီးတွေရဲ့လိုအပ်ချက် ငိုယိုမူ၊ ညဉ်းထားမှုတွေ၊ ခွဲခြားဆက်ဆံပေးမူတွေကို မဖြစ်အောင်လုပ်ဆောင်ပေးနိုင်တဲ့ လွှတ်တော်ကိုယ်စာလှယ်တွေဖြစ်စေချင်တယ်။” လို့ ထွယ်ဂျန်ဒါဖွဲ့ဖြိုးရေးအဖွဲ့မှ ဒေါ်နန်ပူက ပြောသည်။

ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင် အမျိုးသမီးကိုယ်စားလှယ်များအနေဖြင့် အမျိုးသမီးအရေးကို ထိရောက်အောင်ဆောင်ရွက်ပေးခြင်း မတွေ့ရှိရကြောင်း ဆရာမနန်ပူက ဆက်လက်ပြောဆိုသည်။

“ပြီးခဲ့တဲ့(လက်ရှိ) လွှတ်တော်သက်တမ်းမှာ KSDP ကနေ နိုင်သွားတဲ့ ဆရာမဒေါ်ဂျာဆိုင်းခေါန်ကတော့ အမျိုးသမီးအရေးနဲ့ပတ်သက်ပြီး လွှတ်တော်ထဲမှာ သိသိသာသာဝင်ရောက်ဆွေးနွေးတာမျိုးရှိတယ်။ ဒါပေမယ့် ကျေနပ်အားရလောက်တော့မရှိခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုရင် ပြည်နယ်လွှွတ်တော်မှာဖြစ်တဲ့အတွက်ကြောင့်မို့လည်း ဖြစ်နိုင်တယ်။ သူ့အနေနဲ့မုဒိန်းမူနဲ့ပတ်သက်ပြီး တင်ပြတယ်။ ဒါပေမယ့် ဗဟိုကနေပြီး ခွင့်ပြုချက်မပေးရင်တော့ ပြည်နယ်လွှတ်တော်မှာ ဘယ်လောက်လုပ်လုပ် ဘာမှမထူးခြားဘူးဆိုတဲ့ဟာကို သူရသွားလို့ထင်တယ်။ ကျန်တဲ့သူတွေဆိုလည်း အမျိုးသမီးရေးနဲ့ပတ်သက်ပြီး လုပ်တာမတွေ့ရဘူး။” ဆရာမ နန်ပူက ပြောသည်။

လက်ရှိလွှတ်တော်သက်တမ်းတွင် ပါဝင်နေသော အမျိုးသမီးကိုယ်စား ၅ ဦးမှာ ယခင် KSDP ပါတီမှ ဒေါ်ဂျာဆိုင်းခေါန်၊ NLD ပါတီမှ ဒေါ်ဂျေထုရော်၊ NLD ပါတီမှ ဒေါ်မြသွေးစံ၊ ဒူးလေးပါတီ ဒေါ်ခေါမာဝူ နှင့် USDP မှ ဒေါ်ရှဇော်လွမ်းလမ့်တို့ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီ ၅ပါတီသာ ကချင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကိုယ်စားလှယ်လောင်း ၂၀၀ ရှိသည့်အနက် အမျိုးသမီးကိုယ်စားလှယ်လောင်း ၃ ဦးသာ ပါဝင်ခဲ့ကြောင်း သက်ဆိုင်ရာမှ သိရသည်။

Show More

Related Articles

Back to top button