ရွေးကောက်ပွဲဆိုင်ရာသတင်း

၁၉၄၇ ပင်လုံသဘောတူညီချက်နှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ လိုလားကြောင်း KSPP အကြောင်းပြန်

နောင်အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ၁၉၄၇ ပင်လုံစာချုပ်သဘောတူညီချက်နှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီကို လက်တွေ့အကောင်ထည်ဖော်ရန်လိုလားကြောင်း KSPP ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီကို ပြန်လည်အကြောင်းပြန်လိုက်သည်ဟု သိရသည်။

ရွေးကောက်ပွဲအနိုင်ရသော NLD ပါတီက နောင်အနာဂတ်ပြည်ထောင်စုတည်ဆောက်ရာတွင် တိုင်းရင်းသားပါတီများအနေဖြင့် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်သည့်စာကို တိုင်းရင်းသားပါတီ ၄၉ ပါတီထံ ပေးပို့ခဲ့သည်။

NLD ပါတီ၏ ထိုပေးပို့စာကို KSPP က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် လက်ခံရရှိပြီး ၁၈ ရက်နေ့တွင် ပြန်လည်အကြောင်းပြန်လိုက်သည်ဟု ပါတီ ဥက္ကဌ ဒေါက်တာ မနမ်တူးဂျာထံမှ သိရသည်။

“အမျိုးသားညီညွတ်ရေး အစိုးရ ဒီလိုလုပ်ဆောင်သွားနိုင်ရင်တော့ကောင်းတယ်။ ကျွန်တော်တို့မှာလည်း မူပေါ်လစီရှိပြီးသားဖြစ်တယ်။ အစိုးရကို ပါတီတစ်ခုထဲ ဖွဲ့စည်းတာမျိုးမဟုတ်ပဲ တိုင်းရင်းသားတွေနဲ့ အတူစုဖွဲ့တဲ့အစိုးရမျိုး နှင့်သွားဖို့ ပြောချင်တာဖြစ်တယ်။” ဟု KSPP ဥက္ကဌ ဒေါက်တာမနမ်တူးဂျာ ကပြောသည်။

NLD ၏ ထုတ်ပြန်ချက်တွင် တိုင်းရင်းသားများလိုလားနေသော ‘ဖက်ဒရယ်ဒီမိုကရေစီ’ မဟုတ်ဘဲ ‘ဒီမိုကရေစီ ဖက်ဒရယ်’ ဟုသာ သုံးနှုန်းနေသောကြောင့် ဝေဖန်မှုများလည်း ထပ်မံ ပေါ်ထွက်နေသည်ကို သိရသည်။

နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက နေရာအများစုတွင် အနိုင်ရရှိပြီးနောက် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တိုင်းရင်းသားပါတီများနှင့် ပတ်သက်ပြီး သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button