သတင်း

တနိုင်း တရုန်(Tarung) ချောင်းကူးတံတား ည ၆ နာရီ ဂိတ်ပိတ်မှုကို ဒေသခံများမလိုလား

တနိုင်းမြို့နယ် ရှင်ဗွေယာန် တရုန်(Tarung) ကျေးရွာ ချောင်းကူးတံတားတွင် လုံခြုံရေးအတွက် တပ်မတော်သားများက ညနေ ၆နာရီမှစတင်ကာ အဝင်အထွက်ပိတ်လိုက်သဖြင့် ဒေသခံများအတွက် ဖြတ်သန်းသွားလာရေး အခက်အခဲကြုံနေရသောကြောင့် အမြန်ဖြေရှင်းပေးရန် တောင်းဆိုနေကြသည်။

ဒေသခံများက စားဝတ်နေရေးအတွက် တောင်ယာကိုသာဦးစားပေးလုပ်ကိုင်သူများဖြစ်ကာ ယခုကဲ့သို့ ညနေ ၆ နာရီနောက်ပိုင်း လမ်းပိတ်လိုက်ခြင်းက အခက်အခဲဖြစ်စေသည်ဟု ဒေသခံတစ်ဦး က ယခုလို ပြောသည်။

“တံတားမှာ လုံခြုံရေးယူတဲ့ စစ်သားတွေက ည ၆နာရီထိုးတာနဲ့ အဝင်ပေါက်ပိတ်ပေးလိုက်တယ်။ အဲ့လိုလုပ်တော့ ဒေသခံတွေက တောင်ယာလုပ်ငန်း လုပ်ကိုင်ကြတော့ မိုးချုပ်မှပြန်လာကြတာများတယ်။ သူတို့က ဘယ်လိုလုပ်တာလဲဆိုတော့ ကား၊ ဆိုင်ကယ်တွေနဲ့ ပြန်လာတဲ့ ဒေသခံတွေကို မဖြတ်ခိုင်းဘူး။ ဂိတ်ဝမှာ ကား၊ ဆိုင်ကယ်တွေကို ထားခဲ့ပြီး ရွားတွင်းကို ဝင်ရတာဖြစ်တယ်။ ရွာသားတွေက အဲ့လိုမဖြစ်ချင်ဘူး။ ဒေသခံတွေဖြစ်တဲ့အတွက် သွားလာရေးမှာ လွတ်လွတ်လပ်လပ် ဖြတ်သန်းသွားချင်တယ်။ ဒါကို တာဝန်ရှိတဲ့ သူတွေအနေနဲ့ အမြန်ဆောင်ရွက်ပေးစေချင်တယ်” ဟု ပြောဆိုသည်။

အဆိုပါတံတားဂိတ်ပေါက်တွင် လုံခြုံရေးအဖြစ် တာဝန်ယူထားသည့် မြန်မာ့တပ်မတော်သားများမှာ ခလရ ၂၆၀ မှ ဖြစ်သည်ဟု သိရသည်။

“သွားရေးလာရေးပဲ ခက်ခဲတာမဟုတ်ဘူး။ ကုန်ကားတွေကိုလည်း တအားဖြတ်တယ် ဆိုပြီး ဘီးခွန်ကို တောင်းခံတာလည်းရှိတယ်။ ဒေသခံတွေက ဘယ်သူမှမပြောရဲဘူး။ အားလုံးကကြောက်ကြတယ်” ဟု ပြောဆိုသည်။

ရှင်ဗွေယာန်မြို့နယ်(ခွဲ) မှ ထိန်းချုပ်သည့် တရုန်ကျေးရွာ၏ အနီးတဝိုက်တွင် ရွှေသတ္တုတူးဖော်သည့်နေရာများရှိနေပြီး တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ထိန်ချုပ်နေသည့် နယ်မြေဖြစ်ကြောင်းလည်းသိရသည်။

အခွန်ကောက်ခံမှုကို ၂ ဖက် စစ်တပ်က လုပ်ဆောင်နေတာဖြစ်ပြီး စက်သုံးစီဆီ ၁ပေပါလျှင် မြန်မာကျပ်ငွေ ၁၀၀၀၀ ကျပ် နှင့်ဆန်တအိတ်ကို ၁၀၀၀ကျပ်စသဖြင့် ကျေးရွာအဝင်အထွက်များတွင် ကောက်ခံနေကြောင်း ဒေသခံပြည်သူများပြောဆိုချက်မှ သိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖြေရှင်းပေးရန် ၂၀၁၉ခုနှစ် ရှင်ဗွေယာန်မြို့နယ်(ခွဲ)သို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်လာရောက်စဉ် ဒေသခံများ တင်ပြခဲ့ပြီးနောက် ၁ပတ်ခန့်သာ လိုက်နာဆောင်ရွက်ပေးခဲ့ကြောင်း တရုန်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“ရွာသားတွေက ကျေးရွာဝင်ပေါက်ပိတ်တာတွေ မလိုလားတဲ့အတွက် ပြီးခဲ့တဲ့ နှစ်ဝန်ကြီးခရီးစဉ်မှာ တင်ပြခဲ့ဖူးတယ်။ ဒေသခံတွေက လုံခြုံရေးကြောင့်ဘဲဖြစ်ဖြစ် တံတားပေါက်ဝပိတ်မယ်ဆိုရင်လည်း ၆နာရီမဟုတ်ရင်တောင် ၇နာရီမှာဘဲ ပိတ်ပေးဖို့တောင်းဆိုခဲ့တယ်။ ဒါပေမယ့် အဲ့ဒီတင်ပြခဲ့ပြီး ၁ပတ်လောက်က ရွာသားတွေ တောင်းဆိုတဲ့ အတိုင်းလိုက်နာပေးခဲ့တယ်။ အခုနောက်ပိုင်းက နဂိုအတိုင်းပြန်ဖြစ်သွားတယ်လို့ သိရတာပေါ့။ ပြန်တင်ပြဖို့ကလည်း ဝန်ကြီးခရီးစဉ် အချိန်ပြည့်ရှိနေတာမဟုတ်တဲ့အတွက် ပြန်ပြောဖို့လည်းမရှိဘူး။ ဒီဟာကိုက အုပ်ချုပ်ရေးမှူးအဖွဲ့ကနေ တားမြစ်လို့မရပါဘူး။ သူတို့အနေနဲ့ လုံခြုံရေးကြောင့်လို့တော့ ပြောတာဘဲ။ သူတို့လည်းတာဝန်အရဆောင်ရွက်နေတယ်လို့တော့ မြင်တယ်” ဟု အုပ်ချုပ်ရေးမှုးက ပြောဆိုခဲ့သည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသသည် ရွှေမှော်နှင့် ပယင်းမှော်အမြောက်အများရှိသောနေရာဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် ပြန်လည်ငြိမ်သက်နေသော ဒေသဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button