သတင်း

တရားမဝင် တရုတ်နိုင်ငံသား ၄ ဦးကို ဝိုင်းမော်တွင် ဖမ်းဆီး

ကန်ပိုင်တီ တရုတ်နယ်စပ်ဂိတ်မှ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသား ၄ ဦးကို ဝိုင်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လ.ဝ.က) အဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်း ၂နာရီခန့်တွင် ကန်ပိုင်တီဂိတ်မှ မြန်မာကားသမားမောင်းနင်းလာသည့် ကားပေါ်တွင် အထောက်အထားမပါဘဲ တရုတ်နိုင်ငံသားအမျိုးသား ၄ဦးကို ဆဒုံမြို့နယ်ခွဲ လ.ဝ.က အဖွဲ့က ဖမ်းဆီးထားကြောင်း ဝိုင်းမော်မြို့နယ် လ.ဝ.က အဖွဲ့မှ ဦးအားဆီ ထံမှသိရသည်။

“ကားကတော့ Alphard အဖြူရောင်ပေါ့။ သူမောင်းလာတဲ့ ကားကို ဆဒုံးမှာ တာဝန်ကျတဲ့ လ.ဝ.က အဖွဲ့က အစစ်ဆေးခံဖို့ တားတယ်။ ဒါပေမယ့် မရပ်ဘဲနဲ့မောင်းပြေးသွားတယ်ပေါ့။ တာဝန်ရှိသူတွေ ပြန်လိုက်တော့မိတယ်။ အဲမှာပြန်စစ်တော့ အထောက်အထားမပါတဲ့ တရုတ်နိုင်ငံသား ၄ဦးပါနေတယ်။ ဒါကြောင့် ဥပဒေအရ ဖမ်းဆီးထားတယ်လို့သိရတယ်”ဟု ပြောဆိုခဲ့သည်။

လက်ရှိဖမ်းဆီးထားသည့် တရုတ်အမျိုးသား ၄ဦးကို လဝက(လတ်တလော) အက်ဥပဒေအရ ပုဒ်မ ၁၃(၁)ဖြင့် ဆဒုံးရဲစခန်းတွင် ဖမ်းဆီးအရးယူထားပြီး နိုဝင်ဘာလ ၁၉ရက်နေ့တွင် ဝိုင်းမော်မြို့နယ် ရဲစခန်းသို့ အမှုရင်ဆိုင်စေရန် စီစဉ်ထားကြောင်း သိရသည်။

ထို့နောက် ပြည်ဝင်ခွင့် အထောက်အထားမပါရှိသည့် နိုင်ငံခြားသားများကို ပို့ဆောင်ပေးခဲ့သောကြောင့် လဝက ဥပဒေအရ တရားမဝင် ဝင်ရောက်လာသူများကို အားပေးကူညီသယ်ဆောင်လာသူ ပုဒ်မ ၁၃(၂)အရ အရေးယူထားကြောင်း ဦးအားဆီ ပြောဆို ချက်မှ သိရသည်။

ယမန်နှစ်များတွင်လည်း ဝိုင်မော်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများကို ဝိုင်းမော်မြို့နယ်ရဲစခန်းတွင် တရားစီရင်ခဲ့ပြီးနောက် ငွေဒဏ် ၅သိန်းအထိ ချမှတ်ခဲ့ကြောင်း သိရသည်။

 

Show More

Related Articles

Back to top button